.... ... ...မြန်မာပြည်၏ စာသင်ကျောင်းနှင့် တက္ကသိုလ်များ ပိတ်ချည်၊ ဖွင့်ချည်ဖြင့် ကျောင်းသားလှုပ်ရှားမှု များဖြစ်တိုင်း ကျောင်းသားတို့၏ ပညာရေး ကိုသာ ပိတ်ဆို့ဖျက်ဆီး တားမြစ်ခြင်းခံနေရချိန် .........။
နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကျဆင်းမှုမုန်တိုင်းကလည်း မကြာခဏ တိုက်ခတ် မွှေနှောက်သောကြောင့် ကုန်ဈေးနှုန်းပမာဏက အတက်သာရှိပြီး အကျဟူသည်မကြားဖူးချိန်..
ထိုအချိန် ထိုကာလအတွင်း၊ မြန်မာပြည်၏ တောင်ပေါ်မြို့တစ်မြို့တွင် တည်ရှိသော အထင်ကရကျော်ကြား လှသည့် တက္ကသိုလ်ကြီးတခုအတွင်းဝယ် ဤသို့သောဖြစ်စဉ် ဖြစ်ရပ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်ကိုတွေ့ရှိ ရမည် ဖြစ်သည်။
..... ...... ...... ....... .........
‘ကွေး.. ... ...ဆန့် .... ..... ... တစ်’
‘ကွေး.. ... ...ဆန့် .... ..... ... နှစ်’
ကြွေပြား အနီများဖြင့်တန်ဆာဆင်ထားသည့် သုံးထပ်မှ လေးထပ်ထိမြင့်သော ဗိုလ်လောင်းအိပ်ဆောင်များ ကြားရှိ ဗိုလ်လောင်းများ စုပေါင်းတန်းစီကွင်းအတွင်းမှ အမိန့်ပေးသံများနှင့် သံပြိုင်အော်ဟစ်သံများဖြစ်ပါသည်။ ထိုကဲ့သို့သော အသံများကို မနက်၊ ညနေ စုပေါင်းတန်းစီချိန်များအတွင်း ပုံမှန်ကြားရလေ့ရှိပြီး ၊ စနေ ၊တနင်္ဂနွေ ကျောင်းပိတ်ရက်အတွင်းတွင်မူ တနေကုန်နီးပါးကြားနေရလေ့ရှိသော အော်သံ၊ ဟစ်သံများ ဖြစ်ပေသည်။
ကွေး၊ ဆန့် ဟူ၍ ခိုင်းစေအမိန့်ပေးနေသူများမှာ စစ်သက္ကသိုလ် ဗိုလ်လောင်း စတုထ္ထနှစ် စီနီယာများဖြစ်ကြပြီး၊ ၎င်းတို့အော်သည့်အမိန့်အတိုင်း လက်ထောက် မှောက် ( ဒိုက်ထိုးခြင်း) ပုံစံဖြင့် မြေကြီးပေါ်ထောက်ထားသော လက် နှစ်ဖက်အား ပင်ပန်းနွမ်းနယ်စွာဖြင့် ကွေးချည်၊ ဆန့်ချည် လိုက်လုပ်ရင်း အော်ဟစ်၍ အမှတ်စဉ် ရွတ်ဆိုနေကြသူ များမှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာကြမည့် စစ်သက္ကသိုလ် (Defence Services Academy) ခေါ် D. S. A ၏ ပထမနှစ် သင်တန်းသား ဗိုလ်လောင်းလူငယ်လေးများ ဖြစ်ကြ၏ ။
စစ်သက္ကသိုလ်၏စုပေါင်းတန်းစီကွင်းကြီးမှာ အလျှားပေ (၅၀၀) နှင့် အနံပေ (၃၀၀) ခန့်ရှိပြီး ပြန့်ပြူးသော ကွန်ကရစ်ခင်း လေးထောင့်ကွင်းကြီးဖြစ်၏။ ပတ်ပတ် လည်တွင် အလှကွက်များဖြင့် တန်ဆာဆင်ထားသော ပန်း ဘောင်ကြီးများ အစီအရီ တည်ရှိပြီး ၎င်းဘောင်များထဲတွင် ရာသီအလိုက်စိုက်ပျိုးထားသော ရောင်စုံပန်း အမျိုးမျိုးတို့မှ အရောင်စုံအလှစုံတို့၏ ရှုခင်းပသာဒနှင့် ကွင်းပြင်ကြီးအတွင်းမှ အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ နွမ်းလျှ ပင်ပန်းစွာ လှုပ်ရှားဟန်တို့မှာ ဘယ်လို နည်းဖြင့်မှ ဆက်စပ်၍မရနိုင်သော အလှနှင့် အကျည်းတန်မှုတို့ပင်ဖြစ်ပေသည်။
ထိုမြင်ကွင်း၊ ထိုအချင်းတို့မှာ D.S.A ၏ မရိုးနိုင်သော နေ့စဉ်ဖြစ်ရပ်တို့သာ ဖြစ်၏ ။ စစ်သက္ကသိုလ်၏ အုပ်ချုပ် မှုအစဉ်အလာအရ စီနီယာ ဗိုလ်လောင်းက ဂျူနီယာ ဗိုလ်လောင်းကို ကြီးကြပ်အုပ်ချုပ်ရပြီး၊ အပြစ်တစ်စုံတစ်ရာ တွေ့ရှိ သော အခါများဝယ် ဤကဲ့သို့အပြစ်ပေးခြင်းမျိုး မကြာခဏ ပြုလေ့ရှိသည်။ စီနီယာ ဗိုလ်လောင်း၏ နည်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်းများကို ဂျူနီုယာဗိုလ်လောင်းများက ရိုသေကျိုးနွံ့စွာ၊ ကြောက်ရွံ့သော မျက်နှာပေးလေးများဖြင့် လိုက်နာ လုပ်ဆောင်ရ၏။ အပြစ်ပေးနည်းအမျိုးမျိုးကို နည်းစနစ်တကျအတိုင်း လိုက်ပါလုပ်ဆောင်ရန် ငြင်းဆန်ခြင်း၊ ဖီဆန်ခြင်း၊ ကလန်ကဆန်လုပ်ခြင်း ပြုမိသူ ဂျူနီယာ ပထမနှစ် (first year cadet) ဗိုလ်လောင်းသည် အထက်အမိန့်ကိုမနာ ခံခြင်း၊ အာဏာဖီဆန်ခြင်းဟူသော ပြစ်မှုဖြင့် အခြားကြီးလေးသောပြစ်ဒဏ်များ၊ ရုံးတင်စစ်ဆေးအရေးယူခြင်း၊ စစ် ဘက်ဥပဒေဖြင့် အရေးယူခံရခြင်း စသော အတောမသတ်သည့် ပြစ်ဒဏ်များက မိုးကျရွှေကိုယ်များနှယ် ရောက်လာ မည်ဖြစ်၏။ ထို့အပြင် စိတ်ဓါတ်ခံယူချက် အောက်တန်းကျသော စီနီယာဗိုလ်လောင်းအချို့၏ အငြိုးတေးဖွဲ့ ရန်ငြိုးထား ခြင်းကို ခံရမည်ဖြစ်ပြီး၊ အပြစ်မရှိ အပြစ်ရှာခံရခြင်းများစွာ ကြုံတွေ့ရတော့မည်ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုဗိုလ်လောင်းသည် စိတ်ဓတ်ကျဆင်းလာရပြီး နောက်ဆုံးတွင် ဂျူနီယာပထမနှစ် (First Year Cadet) ဘ၀မှထွက် ပြေးကာ စစ်ပြေး၊ ၀ရမ်းပြေး ဘ၀သို့ရောက်သွားမည်ဖြစ်၏။
ဤရွေ့ဤမျှအထိ ဆိုးကျိုးသက်ရောက်စေနိုင်သော အမိန့်မနာခံမှုဆိုသည့် ပြစ်မှုကို ဗိုလ်လောင်းသင်တန်း သားတိုင်းက ကြောက်ရွံ့ကြသည်မှာ မဆန်းပါပေ။
အပြစ်ပေးခံနေရသူများထဲတွင် လက်ထောက်မှောက်သူကမှောက်၊ ဂျွမ်းထိုး သူကထိုး၊ ဖါးခုန်ဟုခေါ်သော ဖါးတစ်ကောင်ကဲ့သို့ ခုန်ဆွ၊ ခုန်ဆွ၊ ခုန်သူကခုန် အမျိုးမျိုးအစုံစုံ ပုံစံတို့ကိုတွေ့ကြရမည်ဖြစ်သည်။ ပါးစပ်မှလည်း တစ်.. ...နှစ်... ....သုံး စသည်ဖြင့် အမှတ်စဉ်များ အော်ဟစ်နေကြရ၏။ တချို့သောဗိုလ်လောင်း များက ...ဟုတ် ... ... မဟုတ် ဟူသောအသံနက်ကြီးများဖြင့် စီနီယာဗိုလ်လောင်း၏ အမေးကို ဖြေကြားနေပုံကိုလည်း တွေ့ရပေမည်။
တန်းစီကွင်းကြီး၏ အရှေ့ဘက်အရပ် ကွင်းထိပ်မျက်နှာစာမှ တပ်မတော် (ကြည်း. ရေ. လေ) စစ်သား သုံးဦး၏လက်တွဲဖေါ်၊ အတူယှဉ်တွဲနေဟန် ပလာစတာ ရုပ်တုကြီးများကလည်း အလွန်ခန့်ထည်စွာဖြင့်၊ ကြီးကျယ်ခမ်း နားလှသော ဗိုလ်လောင်းအိပ်ဆောင်များနှင့်အပြိုင် ပဏာရတင့်တယ်လှပေသည်။ ( ယခုတော့ ကြေး ရုပ်တုကြီးတွေ ဖြစ်သွားပါပြီ ) ။
စစ်သက္ကသိုလ်၏ ပရ၀ုဏ်အတွင်း ဘယ်နေရာ ကြည့်ကြည့် သပ်ရပ်သန့်ရှင်း စွာဖြင့် တည်ဆောက် မွမ်းမံထား ၏။ ဗိုလ်လောင်းအိပ်ဆောင်များ၏ အရှေ့မှပတ်၍ ဖေါက်လုပ်ထားသော ကုန်းမြင့်မို့မို့လေးအပေါ် ကွေ့ဝိုက် မောင်းနှင်ရ သည့် မော်တော်ကားလမ်းမှာလည်း ကွန်ကရစ်ဖြင့် စနစ်တကျ ညီညာစွာသွန်းလောင်းထား၏ ကားလမ်း၏တဖက် တချက်တွင်လည်း စနစ်တကျစိုက်ပျိုးထားသည့် စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်နှင့် တောင်ပေါ်ဒေသ၏ ပိတောက်ပန်းဟု ခေါ်နိုင်သော ပန်းချယ်ရီပင် တို့ကလည်း အစီအရီ ....။
စိန်ပန်းပြာပွင့်တို့ ကြွေလင့်ချိန်ဖြစ်သောကြောင့် စိန်ပန်းပြာပင်တို့၏အခြေ ကားလမ်းတ၀ိုက်သည် အပြာ ရောင် အပွင့်တို့ဖြင့် ရှုခင်းပန်းချီကားတစ်ချပ်မှ အပြာရောင်ဆေးစက်တို့ ကြဲပက်ထားသည့်ဟန်၊ တောင်ပေါ်ဒေသ၏ သဘာဝရာသီဥတုအတိုင်း ကောင်းကင်ပြာပြာကြီးကလည်းပြာ .. စိန်ပန်းပွင့်ကြွေတို့ကလည်းပြာ .. အရာရာသည် အပြာရောင်လွှမ်းသော ဆေးရောင်စုံ ပန်းချီကား တစ်ချပ်နှယ်ပါပင်။
တောင်ပေါ်ဒေသ၏ရာသီဥတုကလည်း လေအေးပေးစက်တပ်ဆင်စရာမလိုဘဲ အေးမြချမ်းစိမ့်နေ၏။ လေနု အေးအေးလေးများ၏ လတ်ဆတ်သန့်ရှင်းမှုများနှင့်အတူ မွှေးပျံ့သင်းထုံသော ပန်းရနံ့တို့ကလည်း စွဲမက်ဖွယ်တောင် ပေါ်ဒေသ၏အလှကို ပေါ်လွင်ထင်ရှားစေပေသည်။
အဆိုပါ မြင်ကွင်း၊ ရှုခင်းတို့သည် မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်းရှိ မေမြို့၊ ပန်းမြို့တော်၊ တောင်လှေခါး မြို့တော်၊ နှင်းမြို့တော်၊ ပြင်ဦးလွင်ဟု ငါးမည်ရမြို့တော် ပြင်ဦးလွင်တွင်တည်ရှိသည့် (အရှေ့တောင် အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်) ဟု မြန်မာစစ်တပ်အတွင်းဝါဒဖြန့်ထားသည့် (Defence Services Academy) ခေါ် D.S.A ၏ နွေနှောင်းရက်တစ်ရက် မြင်ကွင်းပင်ဖြစ်ပါသည်။
စစ်သက္ကသိုလ်သည် မြန်မာ့တပ်မတော်ခေါ် မြန်မာ လက်နက်ကိုင်စစ်တပ် အတွက် စစ်ဗိုလ်အရာရှိ၊ စစ်ခေါင်း ဆောင်ငယ်များ မွေးထုတ် သင်ကြားပေးနေရာ စစ်သင်တန်းကျောင်းကြီးတစ်ခုဖြစ်၏။ ၁၉၅၀ ခုနှစ် လွန်များမှ စတင် တည်ထောင်ခဲ့ပြီး မြန်မာလက်နက်ကိုင်စစ်တပ်အတွက် စစ်မှုထမ်းအရာရှိ ပေါင်း ၃၀၀၀၀ ကျော်မျှ လေ့ကျင့် မွေးထုတ်ခဲ့ပြီး ဖြစ်၏။ ယနေ့လက်ရှိ မြန်မာ့စစ်တပ်တွင် ဒုတိယ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်အဖြစ် အာဏာရယူဆုပ် ကိုင်ထားဆဲဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးသည် အဆိုပါ D.S.A ခေါ် စစ်သက္ကသိုလ် ပထမအပတ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်သည်။
ထို့အပြင် စစ်တပ်၏လတ်တလော အရေးပါအရာရောက်သော တိုင်းမှုး၊ တပ်မမှုး ရာထူးများ၊ ဌါန၊ နေရာ အတော်များများကိုလည်း စစ်သက္ကသိုလ်ဆင်း အရာရှိ များကသာ ဦးစီး၍ လွှမ်းမိုးချုပ်ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်၏။
ယနေ့မြန်မာ့တပ်မတော်အပေါ် ဦးစီးကြိုးကိုင် ချယ်လှယ်နေသော စစ်ဗိုလ်ချုပ်များ၊ တပ်မတော် ခေါင်းဆောင် များသည် မြန်မာလက်နက်ကိုင် စစ်တပ်ကို အင်အားအဖြစ် အသုံးပြု၍ မြန်မာနိုင်ငံအပေါ် စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ သည်မှာ ၁၉၈၈ ခုနှစ် (မြန်မာတစ်နိုင်ငံလုံး အုံကြွ၍ ဒီမိုကရေစီတောင်းဆိုပွဲကြီး ဖြစ်ပွားသောနှစ်) မှ စတင်၍ ယနေ့ထိတိုင်ပင်ဖြစ်၏။ ယနေ့ ၂၀၀၆ ခုနှစ် မြန်မာ နိုင်ငံ၏ နိုင်ငံတကာ မျက်နှာစာတွင် ခေါင်းမဖေါ်ဝံ့အောင် ဖြစ်နေရသည့် လက်ရှိအခြေအနေ၏ အကြောင်းအရင်းမှန်ကို မြန်မာပြည်သူ၊ ပြည်သားများနှင့် ကမ္ဘာ့ ပြည်သူတရပ် လုံး သိရှိမှသာ မြန်မာပြည်၏ အနာဂတ်အလားအလာ ကောင်းမွန် လာနိုင်ဖွယ်ရှိသည်။
စစ်အာဏာရှင်စနစ်ကျင့်သုံး၍ တိုင်းပြည်နှင့်လူမျိုးအား တိုးတက်ဖွံ့ဖြိုး အောင်စွမ်းဆောင်နိုင်ခဲ့သည့် အစိုးရ အဖွဲ့ဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဘူးပါ။ သို့သော်လည်း ယနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင်စစ်တပ် အင်အားဖြင့် ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျကာ အဓမ္မအုပ်ချုပ်နေသော စစ်အာဏာရှင်အုပ်စု၏ လက်အောက်၌ တိုင်းပြည်၏ အထွေထွေ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အမွဲဆုံးနိုင်ငံဖြစ်နေပေပြီ။ ထိုသို့အဆိုးဝါးဆုံးအခြေအနေ ရောက်နေသည့်တိုင် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့ ဖန်တီးနေသော အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်၏လက်ရှိ ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေခြင်းနှင့် ဆုတ်ယုတ်နိမ့်ပါးမှု အခြေအနေမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု မရှိကြောင်း အမြင်မှန်မရနိုင်တော့ဘဲ၊ ၎င်းတို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနှင့် ၎င်းတို့၏ သားချင်းဆွေမျိုးတသိုက် ချမ်းသာကောင်းစားရေးကိုသာ၊ အရှက် တရားကင်းမဲ့စွာဖြင့် အစွမ်းကုန်၊ နည်းလမ်းစုံ၊ ကောက်ကျစ်ရက်စက်မှုပေါင်းစုံ သုံး၍ ကြိုးပမ်းဆောင်ရွက်နေကြ၏။
ပြည်သူလူထုတစ်ရပ်လုံးမှ ရွေးကောက်တင်မြှောက်ထားသော ပြည်ချစ်နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအား အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ဒီမိုကရေစီရရှိရေး ဆောင် ရွက်သူ မျိုးချစ်နိုင်ငံရေးသမား မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုပ်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခြင်း၊ အပြစ်မရှိပါဘဲ သားချင်း၊ ဆွေမျိုးမကျန် ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်များပေး၍ မျိုးဆက်တုံး သုတ်သင်ခြင်းများပြုလုပ်ကာ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေကြသည်။ တိုင်းပြည်အား အမှောင်တိုက်လမ်းမှားသို့ ဇွတ်အတင်း သွတ်သွင်း ဆွဲချနေကြသည်။ ၎င်းတို့ စစ်ဗိုလ်ချုပ်ကြီး တစ်စု အာဏာ တည်မြဲရေး အတွက် ဘာကိုမဆို ရက်စက် ကြမ်းကြုပ်စွာ ပြုလုပ်နေသည့် အချိန်လည်း ဖြစ်၏။
လာဘ်စား၊ ခြစားမှုများ၊ မတရားမှုမျာ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစား လုပ်၍ ကိုယ်ကျိုးရှာနေမှု များ၊ ဥပဒေဘက်တော်သားဟု အမည်ခံထားသော စစ်ဘက်၊ နယ်ဘက်၊ အာဏာပိုင်အဖွဲ့အစည်းများ၏ ပြည်သူလူထု အပေါ် မတရား ဖိစီးနှိပ်စက် အနိုင်ကျင့်၍ ၎င်းတို့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက် မတရားစီးပွား ရှာဖွေနေကြခြင်း ဖြစ်စဉ်များ တိုင်းပြည်၏နေရာအနှံ့တွင် ဖြစ်ပွားနေ၏။ ဥပဒေ၏ အထက်တွင် မည်သူမှ မရှိစေရဟု အမိန့်ထုပ်ပြန်သူ အာဏာရှင်ကြီး ကိုယ်တိုင်ကပင် မတရား ကိုယ်ကျိုးစီးပွား ရှာဖွေနေသူဖြစ်နေခြင်း၊ စသောအနာဂတ် ပြည်ထောင်စု အတွက် ရတက်မအေးစဖွယ်၊ ရင်လေးဖွယ်၊ အခြေအနေများကြောင့် ယနေ့မြန်မာ နိုင်ငံကိုစိုးမိုးအုပ်ချုပ်နေသည့် မြန်မာစစ်တပ်အစိုးရ၏ ကျောထောက် နောက်ခံ အဖြစ်ရပ်တည်နေသော မြန်မာ့တပ်မတော်သည် ကမ္ဘာ့လူထုကြီး၏ ဝေဖန်ရှုတ်ချခြင်းကို ခံရယုံသာမက၊ မြန်မာတိုင်းရင်းသားအပေါင်း၊ မိဘပြည်သူ အပေါင်း၏ မလိုမုန်းထားခြင်း၊ စက် ဆုပ်ရွံ့ရှာစွာ ရှောင်ရှားဖယ်ကျဉ်ခံရခြင်း၊ မေတ္တာတရား ကင်းမဲ့စွာ ဆက်ဆံပြောဆိုခံရခြင်း၊.. စသောရင်ထုမနာ ဖြစ်ဖွယ်အကြောင်းများ ဖြစ်ပေါ်လာနေပေ၏။
ဆက်လက်ဖေါ်ပြပါမည်
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
Tuesday, March 11, 2008
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁) အပိုဒ်(က)
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(ခ)
အမှန်စင်စစ် မြန်မာ့ တပ်မတော်သည် မြန်မာပြည်သူတို့၏ ရင်နှစ်သည်းချာ သားရတနာ တို့ဖြင့် လေ့ကျင့် ဖွဲ့စည်း တည်ဆောက် ထားသော အင်အားကြီးမားသည့် လက်နက်ကိုင် အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သည်။ ပြည်သူ့ လူတန်းစား အမျိုးမျိုးမှ မွေးဖွားလာသော လူငယ်မျိုးဆက်သစ် တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော လက်နက်ကိုင် အဖွဲ့ကြီး တစ်ခုသာဖြစ် ပေသည်။ မြန်မာတိုင်းရင်းသား လူမျိုးစု အားလုံး၏ မည်သည့် ယဉ်ကျေးမှု တွင်ဖြစ်စေ လူတစ်ဦးသည် မိမိ၏ ဆွေမျိုးသား ချင်း မိဘ မောင်ဘွားများ၏ မလိုမုန်းထား စက်ဆုပ်ရွံ့ရှာစွာ ဆက်ဆံခံရခြင်း၊ အော့ကြော့ လန်ခြင်းကို နှစ်ခြိုက် လိုလားသူ တစ်ဦး တယောက်မျှ မရှိပါ။ မိမိနှင့် မိမိ၏ မိသားစု ဘ၀ ၀မ်းရေး အတွက် ကျင်လည် လုပ်ကိုင်နေရသော တာဝန်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး၊ မိဘဆွေမျိုး၊ အပေါင်းအသင်းနှင့် သူငယ်ချင်းတို့၏ ကြည်ဖြူ နှစ်သက်ခြင်းကို ခံယူလိုကြသည်ချည်း ဖြစ်၏၊
ယနေ့ မြန်မာတပ်မတော်ကို စတင်တည်ထောင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းပါ.... ရည်ရွယ်ချက် များသည် တိုင်းပြည်နှင့်လူမျိုးစု အားလုံးအတွက် အင်အားရှိဖွယ်ရာ၊ အားကိုယ်းရာ တပ်မတော်ကြီးအဖြစ် အားကိုယ်း အားထား ပြုနိုင်ဖွယ် အင်အားစုကြီး အဖြစ် မျှော်ရည် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော မွန်မြတ်သည့် ရည်ရွယ်ချက် တို့ဖြင့် တည်ထောင်ခဲ့သည့် စစ်တပ်... ယနေ့ဘာတွေဖြစ်နေသလဲ ...
.....ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့ အနေမျိုး ဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော် ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံး နာစရာ ဖြစ်နေမယ် ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲ ဖြစ်မယ်။..ဟု .. အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆိုခဲ့၏။ သူ့စကား မှန်ကန် အောင်လည်း သူကိုယ်တိုင် စံနမူနာပြ စစ်ခေါင်းဆောင် အဖြစ် အောင်မြင်စွာ တည်ဆောက်ခဲ့၏။ မြန်မာမျိုးချစ် လူငယ်များ၏ စံနမူနာပြ ခေါင်းဆောင်ကြီး ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တပ်မတော်အပေါ် ထားရှိခဲ့သော ရည်ရွယ်ချက် သဘောထားသည် ယနေ့ခတ်တွင် မှန်-မမှန် တော့မသိ။ တပ်မတော်ကို စတင် တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကိုပင် မမြင်ရတော့။ မည်သည့် စစ်တပ်၊ ဌာန၊ ရုံးခန်းတွင်မှ ချိတ်ဆွဲခွင့် မရှိတော့ပေ။ ကမ္ဘာနှင့်တ၀န်း နိုင်ငံတကာသုံး ငွေကြေးများတွင် သူတို့နိုင်ငံ အတွက် ကိုယ်ကျိုး စွန့်လွတ်၊ အနစ်နာခံကာ လွတ်လပ်ရေး ရအောင် အသက်စွန့် ကြိုးပမ်းခဲ့သူ မျိုးချစ် အာဇာနည်တို့၏ ဓါတ်ပုံ ရုပ်လွှာကို တခမ်းတနား ရိုက်နှိပ်၊ ဂုဏ်ယူ ၀င့်ကြွားစွာ မြတ်နိုးလေးစား တန်ဖိုး ထားနေချိန်တွင် ကျနော်တို့ နိုင်ငံ၌ ငွေစက္ကူပေါ်တွင် ဝေးစွ၊ မည်သည့်နေရာ မှာမှ အမှတ်တရ ချိတ်ဆွဲခွင့် မပြုတော့သည်ကို အလွန်တရာ ၀မ်းနည်းဖွယ် ကောင်းစွာ တွေ့မြင်နေရသည်။ ရိုသေ လေးစားမှုဖြင့် အမှတ်တရ ပြုခြင်းကိုပင် တားမြစ်ပိတ်ပင်ထားယုံမျှ မက အမျိုးသား ခေါင်းဆောင်ကြီး များ၏ အာဇာနည် စိတ်ဓါတ်ကို မြတ်နိုး လေးစားသော အားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓတ်ပုံကို တရိုတသေ အလေးပြုမိသူ မျိုးချစ် ပုဂ္ဂိုလ်တို့အား ပြင်းထန်လှသော နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ကာ ရက်ရက် စက်စက် နှိပ်ကွပ်နေသည် ကိုလည်း ပြည်သူ ပြည်သားအားလုံးက ရင်ထုမနာ ဖြစ်စွာ တွေ့မြင်နေရ လေသည်။
ဤသို့ တိုင်းပြည်နှင့် လူမျိုးအတွက် စံနမူနာကောင်းများ ပြသခဲ့သူ၊ ကိုယ်ကျိုး အတွက် တစက်မှ မငဲ့ကွက်ခဲ့ပဲ တိုင်းပြည်အတွက်သာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ အာဇာနည်များ၏ မွန်မြတ်စွာ ရေးသားခဲ့သည့် သမိုင်းကို ဖျောက်ဖျက်ပစ်ပြီး ၎င်းတို့၏ ဖက်ဆစ် အာဏာရှင်စနစ် ကြီးစိုးချယ်လှယ်မှု သက်တမ်း ရှည်ကြာစေရန် အထောက်အကူ ပြုမည့် လီဆည် လိမ်ညာထားသည့် သမိုင်း အတုအယောင်များဖြင့် အစားထိုးကာ နည်းမျိုးစုံဖြင့် ပြည်သူကိုလှည့်စား သိမ်းသွင်းရန် ကြိုးပမ်း နေကြသည်ကို တွေ့ရ၏။ ထိုသို့ ပြည်သူချစ်သော ပြည်သူ့ ခေါင်းဆောင်များကို မြန်မာ့သမိုင်းမှ ဖျောက်ဖျက် ဖယ်ရှားရန် တဖက်မှ ကြိုးစားနေသကဲ့သို့ တဖက်မှလည်း သူတို့စစ်တပ် ကြီးစိုးသော အာဏာရှင်စနစ်ကို အားကိုယ်း ယုံကြည်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်ကို တွေ့ရှိရ၏။ တိုင်းပြည်၏ နေရာအနှံ့ တွေ့မြင် နေကြရသော စစ်တပ်၏ ၀ါဒဖြန့် ဆိုင်းဘုတ်များတွင် စာလုံးမည်းကြီးများဖြင့် ရေးသားထားသလို (တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ) ဟု တွင်တွင် ကြော်ငြာကာ စစ်တပ်ကို ပြည်သူက ငြိုငြင်မှု လျှော့ပါးစေရန် ဆွဲဆောင်၏။ တဖက်မှလည်း ၎င်းတို့ တပ်မတော်ကို အမိ၊ အဖ၊ အကြီးအမှုး သဖွယ် သဘောမထားပဲ အပြစ်ပြောသူ ကလန်ကဆန် လုပ်သူတို့ကို ရက်ရက်စက်စက် အပြစ်ပေးဖမ်းဆီး သတ်ဖြတ်သည် အထိ ပြုနေ၏။
အကြောက်တရားကို နောက်ကွယ်တွင် မသိမသာရော သိသိသာသာလုပ်ရပ် များဖြင့်ပါ လှစ်ဟပြ ခြိမ်း ခြောက် ထားပြီး မျိုးချစ်ပြည်သူ၊ ပြည်သားများကို လူမမြင်၊ သူမမြင် တိတ်တဆိတ် ဖမ်းဆီးကာ ဘ၀ပျက်သည် အထိ ရက်စက်စွာ ပြစ်ဒဏ်ခတ်၏။ နောက်ဆုံး ရက်ရက်စက်စက် တိရိစ္ဆာန် တကောင်လောက်ပင် တန်ဖိုးမထားဘဲ အကြမ်းဖက် သတ်ဖြတ်၏။ ဖက်ဆစ်စနစ် ဂျပန်ခေတ်က ဂတ်စတာပို စစ်ပုလိပ်တို့ ဖြင့် တိုင်းပြည်ကို အကြောက်တရားဖြင့် ခြိမ်းခြောက်စေကာ အုပ်ချုပ်သွားသကဲ့သို့ ယနေ့ ကိုယ့်လူမျိုးချင်း သွေးခွဲအုပ်ချုပ်ကာ စစ်တပ် အစိုးရအပေါ် ဖိန့်ဖိန့်တုန် ကြောက်လန့်စေ၏။ မော်၍ပင် မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် ပုံသွင်းထား၏ အခြားတဖက်မှ စစ်အာဏာရှင် စနစ်၏ အာဏာပိုင်တန်ခိုးကို အသုံးပြုပြီး နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားရှာနေသူ စစ်ဗိုလ်ချုပ်ကြီးတို့အပေါ် လူမြင် သူမြင် ကောင်းစေသော ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ဘာသာရေးဗန်းပြသော သူတော်ကောင်းယောင် ဆောင်မှု လုပ်ရပ် များ ဥပမာ..(ထီးတင်ခြင်း၊ ကောင်းမှုကုသိုလ်ဆိုသော ရေစက်ချခြင်း။) အများပြည်သူ၏သွေးနှင့်ချွေးနှင့် ရင်းနှီးကာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းပြီး ဖြစ်ပေါ်လာသည့်လုပ်ငန်းအဆောက်အဦးများကို အခမ်းအနားကြီးများကျင်းပကာ ၎င်းတို့က အခန့်သားလာရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သူတို့၏လုပ်ပိုင်ခွင့် တန်ခိုးအာဏာကို အလွန်အကြူး ပိုင်ဆိုင်လေဟန် ဂျင်ပေါ်ကထုံးပမာ လုပ်ရပ်များဖြင့် အမြတ်ထုတ် ကိုယ်ကျိုးရှာသေး၏။ ထိုသို့ ကြောင်သူတော် အရေခြုံ၍ ဟန်ပြသူတော်ကောင်း အလုပ်များကို မီဒီယာများမှ တွင်တွင်ပြကာ မသိနားမလည်သူ ပြည်သူတို့ အထင် တကြီးဖြစ်လာအောင်၊ မသိနားမလည်သောပြည်သူတို့ကို ဝေခွဲမရ၊ ဇဝေဇ၀ါဖြစ်လာအောင် ၀ါဒမှိုင်းတိုက်စေ၏။ မင်းဆိုး မင်းညစ်တို့၏ လူမမြင် သူမမြင် ရက်စက်ယုတ်မာပုံ၊ ကိုယ်ကျိုးစီးပွားကောင်းစားဖို့ အတွက်သာ ဆိုလျှင် ဇတ် တူသားပင်စားရန်မကြောက်သော စားခွက်လုမှု၊ အာဏာပြိုင်ဆိုင်နေမှုတို့ကို ပြည်သူလူထု မသိရှိစေရန်၊ စိတ်မ၀င်စား စေရန် ကြောင်သူတော်ကောင်းအဖြစ် ဟန်ဆောင်ကြော်ငြာသော လုပ်ကြံသတင်းများ ဖြန့်ေ၀၀ါဒဖြန့်ကာ မှိုင်းတိုက် ဖုံးကွယ်ရန် ကြိုးစားနေသော ကာလလည်း ဖြစ်၏။
သို့ပါသော်လည်း လက်ရှိအောက်ခြေ လက်နက်ကိုင်စစ်တပ်အတွင်းတွင် ဖြစ်ပေါ်နေသည့် မျိုးချစ်စစ်သည် သာမန်စစ်သားတို့၏ ခံစားချက်များ၊ ရင်ထုမနာ အတွေးများ၊ အထက်အာဏာပိုင်တို့၏ မတရားကိုယ်ကျိုးစီးပွား ရှာနေ ကြပုံများကို ငြိုငြင်ကဲ့ရဲ့နေမှုများ၊ လက်တွေ့ဘ၀အပေါ် အလိုမကျ ဒေါသဖြစ်နေသည့် တပ်မတော်သားတို့၏ ရင်တွင်း စိတ်ဆန္ဒများကို စစ်ဗိုလ်ချုပ်ကြီးတို့မသိ။ သိအောင်လည်းအားမထုတ်ရဲကြပေ။
ယနေ့မြန်မာ ပြည်သူလူထုက ယနေ့တပ်မတော်အပေါ်ယုံကြည်စွာအားကိုး အားထားခြင်း၊ အားပေးထောက် ခံခြင်း၊ မြတ်နိုးလေးစားဂုဏ်ယူကြခြင်းကို မြန်မာစစ်တပ်အတွင်း စစ်သားအဖြစ်အသက်မွေးဝမ်းကြောင်းမှုပြုကာ ဘ၀ ရပ်တည်နေကြသော ကျနော်စစ်ဗိုလ်အပါအ၀င် မြန်မာစစ်တပ်မှစစ်သည် အဆင့်အတန်း အားလုံး တို့က လိုလို လားလား တောင့်တကြပါသည်။ ပြည်သူလူထု၏အားကိုး ယုံကြည်ခြင်းကို ခံယူလိုကြပါသည်။ (မြန်မာ့သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၏ အကြွင်းအကျန် အမွေအဖြစ် ပဒေသရာဇ်အနွယ်ဝင် ဖက်စစ်အာဏာရှင်တို့ ပုံသွင်းချမှတ် ဖေါ် ဆောင်မွေးမြူထားသည့် ..အလွန်တော်သည့် ကျွန်မျိုးကျွန်နွယ်၏စကားလှယ် ကျွန်တော်ဆိုသော ဝေါဟာရကို ဆန့် ကျင်တော်လှန်ပယ်ဖျက်၍ စကားသစ် ဖြစ်သော " ကျနော်ဆိုသည့် စကားလုံးကိုသာ အစားထိုး၍ သုံးစွဲသွားပါမည်။ )
သို့ပါသော်လည်း.. .. ..
ပြည်သူလူထုနှင့် တိုင်းရင်းသား တရပ်လုံးက သူတို့အပေါ် ဖိစီးနှိပ်စက် အနိုင်ကျင့်သော အာဏာပိုင် အဖွဲ့ အစည်း အဆင့်ဆင့်နှင့် လက်နက်ကိုင် အဖွဲ့ဟူသမျှ မုန်း၏။ ရ.ယ.က ကိုမုန်း၏။ မ.ယ.က၊ ပ.ယ.က၊ တ.ယ.က စသော စသော အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး အမည်ခံ ၎င်းတို့ ကိုယ်ကြိုးစီးပွား ရှာရေးအတွက်၊ အထက် စစ်အာဏာပိုင် များအား မျက်နှာလို၊ မျက်နှာရ ဖော်လန်ဖားပြီး အားကိုးရာမဲ့ ပြည်သူ လူထုအပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြသူ၊ ပြည်သူ့ သစ္စာဖေါက် များကိုမုန်း၏။ လူထု ကြားမှနေ၍ ပြည်သူလူထု ဖိနှိပ်ရေး၊ ဖက်ဆစ် အုပ်ချုပ်ရေး ယန္တရားကို လျှို့ဝှက် ကူညီကာ မတရား ကြီးပွား ချမ်းသာနေကြသော ( အရပ်သား သတင်းပေး) သစ္စာဖေါက် သူလျှို များအား မုန်း၏။ ထိုသစ္စာဖေါက် ပုဆိန်ရိုးများ၏ လက်ထောက်ချ သတင်းပေးမှုကြောင့် ရိုးသားသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ် မြောက်များစွာတို့ စစ်ထောက်လှမ်းရေး (ယခု စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) နှင့် စ.စ.စ၊ အထူးသတင်းတပ်ဖွဲ့ စသည်ဖြင့် ပြည်သူကို ထောင့်ပေါင်းစုံမှ စောင့်ကြည့် ဖိနှိပ်ရန် ဖွဲ့စည်းထားသော ကိုယ်ကျိုးရှာ အာဏာသုံး လက်ပါးစေ အဖွဲ့များ၊ ဖက်ဆစ် စစ်ပုလိပ် လူယုတ်မာ တို့၏ မတရား အကွက်ဆင် ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်၊ ခံနေကြ ရဆဲ ဖြစ်သည်ကို ပြည်သူတို့က မချိတင်ကဲ ဖြစ်စွာ ခံစား တွေ့မြင်နေရ၏။ ပြည်သူ့ရဲတပ်ဖွဲ့ ဟုခေါ်သော ယူနီဖောင်းဝတ် သူခိုး၊ ဓါးပြ၊ ပြန်ပေးဆွဲဂိုဏ်း၊ လူဆိုးလူမိုက်ဆန်ဆန် စစ်အာဏာရှင်စိတ်ကြိုက် ဥပဒေ၏ အကာအကွယ်အောက်မှ အဓမ္မမှုများ ကျူးလွန်နေသော ဥပဒေမဲ့ အဖွဲ့အစည်းများ၏ မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း အပြင် ထိုဥပဒေ ဘက်တော်သား ဆိုသူတို့၏ မတရားသော အခွန်အတုပ်များ အတင်းအဓမ္မ တောင်းယူခြင်းကို အပြစ်မဲ့သော ပြည်သူလူထုမှ ခံနေကြရသည် ဆိုသည်ကိုလည်း ပြည်သူလူထုက သိ၏။ ပြည်သူ လူထုအတွက် ဥပဒေ နည်းလမ်းတကျ ကာကွယ်၊ စောင့်ရှောက်ရန်ဟု စစ်အာဏာရှင် အဖွဲ့က ကင်ပွန်း တပ်ပေးထားသော ပြည်သူ တို့ကို ဒုက္ခပေးသော အဖွဲ့အစည်း၊ လူတစု တို့ကိုလည်း ပြည်သူ လူထုက မုန်းတီး နေကြပေပြီ။
ဒီကြားထဲ ရသမျှလက်တဆုပ်စာ၊ အာဏာငယ်ဖြင့်၊ ပြည်သူအပေါ် မောက်မာ ရိုင်းစိုင်း အနိုင်ကျင့်တတ်သော စစ်ဗိုလ်၊ စစ်သားအချို့ကလည်း၊ သူတို့ကိုသူတို့ မြို့စား၊ နယ်စား၊ မင်းဟန်ပန်ဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက် အနိုင်ကျင့်ကာ မတရား ဖိစီးနှိပ်စက်သေးသည်။ အရှက်တရားမဲ့ ကိုယ်ကျိုးရှာနေကြသည့် မင်းလိုလိုက်၊ မင်းကြိုက် ဆောင် သခင်အားရ၊ ကျွန်ပါးဝနေသော အာဏာရှင်အငယ်စား စစ်ဗိုလ်၊ စစ်သားအချို့ကိုယ်လည်း ပြည်သူလူထုက နာကျည်းမုန်းတီးနေ၏။ နေရာတိုင်း၊ ဌါနတိုင်း၊ အချိန်တိုင်းတွင် အပြစ်မဲ့ပြည်သူအရပ်သားတို့အား ဖိစီးနှိပ်စက်နေ သည်မှာ ဤအာဏာ၊ ရိုးသားသော တိုင်းရင်းသား မျိုးချစ်သူတို့၏ အားမာန်ကို ရိုက်ချိုးဖျက်ဆီး နေသည်ကလည်း ဤအာဏာ၊ မြင့်မြတ်သော သာသနာပြု ရဟန်းရှင်၊ လူတို့၏စိတ်နှလုံးတို့ကို မှေးမှန်ကွယ်ပျောက်စေ သည့်....ဤအာဏာ၊ မျိုးရိုးဂုဏ်ရှိန် ထည်ဝါတောက်ပခဲ့သော မျိုးမြန်မာတို့၏ ဇာတိမာန်ကို ချိုးနှိမ်ဖိနှိပ်နေ သည် မှာလည်း ဤအာဏာ၊ မကြာမြင့်သေးသည့် ဆယ်စုနှစ်အနည်းငယ်ခန့် အချိန်က အရှေ့တောင်အာရှ နိုင်ငံများအကြား တွင် အချမ်းသာဆုံးဟု ကြွေးကြော်နိုင်ခဲ့သော ကျနော်တို့၏ အမိမြန်မာပြည်ကြီးကို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်သွား အောင် ဖျက်ဆီးခဲ့သည်သာမက၊ နုနယ်ပျိုမျစ်သော မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ မွေးရပ်အမိမြေ ကိုစွန့်ခွာကာ တိုင်းတပါးရပ်ခြား၊ လူမျိုးခြားတို့ လက်အောက်တွင် ရရာအလုပ်လုပ်၊ မတရားဖိစီးနှိပ်စက်ခံ၊ ကျွန် သာသာ ဘ၀များဖြင့် ၀မ်းစာရှာဖွေရလောက်အောင်၊ အမိတိုင်းပြည်ကြီး၏ စီးပွားရေးရော၊ လူမှု အနာဂတ် ရေးပါ ဆုတ် ယုတ်နိမ့်ပါး စေခဲ့သည်မှာလည်း ဤစစ်အာဏာရှင်စနစ်...။
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(ဂ)
ဤစနစ်ကြီးတည်တန့်ရေးအတွက် အဓိက ကျောထောက်နောက်ခံ ပြုနေ သည်မှာ မြန်မာစစ်တပ်၊ ကျနော်က ဤလက်နက်ကိုင်စစ်တပ်အတွင်း အရာရှိငယ် တစ်ဦးအဖြစ် အလုပ်လုပ်နေ၏။
စစ်ဗိုလ်တစ်ဦး အဖြစ် စစ်သားတွေကို အုပ်ချုပ်နေ၏။ စစ်အရာရှိဟုခေါ်သော စစ်ကျွန်ခေါင်း တစ်ဦးအဖြစ် စစ်အာဏာပိုင်ကြီးများ ခိုင်းသမျှ လုပ်နေရသော စစ်ဗိုလ်ဖြစ်နေ၏။ သာမန်အရပ်သား၊ သာမည ပြည်သူထဲ က မွေးဖွား လာသော အညတရ စစ်ဗိုလ်ကျနော်သည် ပြည်သူချစ်သော စစ်သား အဖြစ် မိမိဘ၀ကို ရပ်တည် ရှင်သန်လိုသောကြောင့်သာ ဤမျိုးချစ် မြန်မာ့တပ်မတော် ဟု ရုပ်မြင်သံကြား၊ မြန်မာသတင်းစာတို့တွင် ဖန်တရာတေ ရေးသားဖေါ်ပြနေကြ သော မြန်မာစစ်တပ်အတွင်း ၀င်ရောက် အမှုထမ်းနေသူဖြစ်၏။ တိုင်းပြည်ကာကွယ်ရေးနှင့် ပြည်သူလူထုဘ၀၊ ကူညီ စောင့်ရှောက်ရေး အတွက် ၀င်ရောက် တာဝန် ထမ်းဆောင်နေခြင်းဖြစ်၏။
သို့သော် ယနေ့အခြေအနေအရ ပြည်သူလူထုတရပ်လုံးမျက်မုန်း ကျိုးနေ သော ဤအဖွဲ့အစည်း၊ စိတ်မပါ သော်လည်း ဆန့်ကျင်ဟန် မပြရဲဘဲ လိုက်လျော ခေါင်းညိတ်နေရသော အဖွဲ့အစည်း၊ မတော်လှန်ဝံ့၍သာ သည်းခံ ဆက်ဆံနေရသော အဖွဲ့အစည်း၊ ၎င်းတို့ကိုင်ဆောင်ထားသည့် လူသတ်လက်နက်နှင့် ထင်သလို၊ ခြိမ်းခြောက် နှိပ်စက်ပိုင်ခွင့်ရှိသော အာဏာကိုစိုးထိတ်သည့် အတွက်ရွှံ့ကြောက် ကြောက်နေရသော အဖွဲ့အစည်းမှာ ကျနော် အလုပ်လုပ်နေသည့် မြန်မာစစ်တပ်နှင့် အပါင်းအပါ လက်နက်ကိုင် အဖွဲ့များဖြစ်နေ၏။
အဆိုပါ အပေါင်းအပါ လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အကွက်ကျကျ လည်ပတ်လှုပ်ရှားနေသော ဤစနစ် ဆိုးကြီးက ပြည်သူလူထုကို၊ မတရားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်၊ ကြောက်လန့်စေကာ၊ ခြောက်လှန့်လွမ်း မိုးထား၏။ ဆိုးရွားရက်စက်ပြင်းထန်လှသော ပြစ်ဒဏ်များ၊ ထိတ်လန့်ရွံ့ရှာ စက်ဆုပ်ဖွယ် ဘ၀ပျက်ခမန်း ကျရောက်လာနိုင်သော စီးပွားရေး၊ လူမှုရေးဆိုင်ရာ နှောက်ယှက်ဖျက်စီး ကန့်သတ်ချုပ်ချယ်ခံရခြင်း များဖြင့် မလူးသာ၊ မလွန့်သာအောင် ထိမ်းချုပ်ထား၏။ စစ်တပ်အစိုးရအပေါ် တော်လှန်ဆန့်ကျင်လိုစိတ် လုံးဝမပေါ် ရဲအောင် နှိပ်ကွပ်ဖိစီး ချုပ်ချယ်ထားပေသည်။ ထို့အတူပင် ငွေဝယ်ကျွန်သာသာ အဆင့်ရှိသည့်၊ ကျနော်အပါအ၀င် မျိုးချစ်စိတ်ဓါတ်အရင်းခံဖြင့် စစ်တပ်ထဲ ၀င်လာသူ စစ်သည်အများစုပါဝင် ဖွဲ့စည်းထားသည့် အောက်ခြေလက်နက်ကိုင် တပ်ဖွဲ့များ အတွင်းတွင်လည်း ပြင်းထန်ရက်စက်သော ပြစ်ဒါဏ်များ၊ ဆိုးဝါးများမြောင် ကျပ်တည်းလွန်းသော ဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွန်ကြားချက်များအပြင်၊ လုံးဝငြင်းဆန်ဖယ်ရှား၊ ပျက်ကွက်ခွင့် မရှိသော အမိန့်ဟူသော အထက်အာဏာပိုင်၏ အမိန့်နှင့်ညွန်ကြားဆိုသော အပြင်းထန်ဆုံး ဥပဒေတခုဖြင့် တင်းမာကျပ်တည်းစွာ၊ ချုပ်ချယ် ကန့်သတ်ထားပေသည်။ ခြိမ်းခြောက်ကြောက်လန့် စေမှုများဖြင့် ဖိနှိပ်ထားသကဲ့သို့ စိတ်ဓါတ်ရေးရာ၊ ခံယူချက်ရေးရာ အရလည်း မှိုင်းတိုက် အသိညာဏ်မဲ့စေကာ၊ ၎င်းတို့ ပြောသမျှအဟုတ်ကြီးထင်ရအောင် ၀ါဒဖြန့် ယန္တယား စနစ်တကျ လည်ပတ်စေကာ ဇဝေဇ၀ါ အတွေးအခေါ်များသာ တွေးခေါ်စေ၏။
ပြည်သူလူထုတို့ စစ်အာဏာရှင် အစိုးရအောက် ကြုံတွေ့ရပုံနှင့် လက်နက်ကိုင်တပ်ဖွဲ့အတွင်းမှ ဆင်းရဲချို့ တည့်စွာ ဘ၀ရပ်တည်နေရသော မျိုးချစ်စစ်သားတို့၏ ရင်ဆိုင်တွေ့ကြုံနေပုံမှာ သိပ်ထူးမခြားနားကြောင်း အရာရှိ ဖြစ်နေသူ ကျနော်ကိုယ်တိုင် နှိုင်းယှဉ်သုံးသပ် တွေ့ရှိရသည်။ ပြည်သူ့ဘ၀အခြေနေမှန်ကို စစ်သားတိုင်းက မသိ ပြည်သူတွေကလည်း မျိုးချစ်စစ်သည်တော်တို့ မြိုသိပ်ကြိတ်မှိတ်နေရသော မလွန်ဆန်ဝံ့သည့် အာဏာရှင့်စနစ် အောက် ပြားပြားမှောက်ကြောက်နေရသည့် ဘ၀အမှန်တိုင်းကိုလည်း အားလုံးမသိနိုင်ပေ။ ဤသို့အဆင်မပြေမှုများ ကိုယ်စီခံစားနေရသော ပြည်သူနှင့်တပ်မတော်သားလက်နက်ကိုင် အင်အားစုများအကြား အပြန်အလှန် ခြိမ်းခြောက်ပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ကာ အာဏာပိုင်များကို စိုးထိတ်ကြောက်ရွံ့စေပြီး ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေ သည်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်း တစုသာလျှင်ဖြစ်သည်။
သာမန် မသိနားမလည်သူ အများစုပါဝင်သည့် လူထုကြီးတရပ်လုံးကို မျက်စိပိတ်၊နားပိတ်၊ အတတ်ပညာ တွေးခေါ်မှုတို့ ပိတ်ဆို့ခံထားရသော နွားခြေရာခွက် အတွင်းမှ ဖားငယ်များကဲ့သို့ လူမဆန်စွာပိတ်ဆို့ခံထားကြရသည်။ မိမိတို့ ယနေ့ ကြုံတွေ့နေရသည့် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤအခြေနေဆိုးများ ဖြစ်ပေါ်နေရသည်ဆိုသည့် အမှန်တရားကို ပြည်သူ၊ ပြည်သားအားလုံး တညီတညွတ်တည်း လက်ခံယုံကြည်လာမည်ကို အလွန်ကြောက်ရွံ့သော စစ်အာဏာရှင်များသည် အမှန်တရားဆိုသည့် လက်တွေ့ဘ၀အမှန်၊ အခြေအနေမှန်တို့ကို လုံးဝ(လုံးဝ)ပြောဆို၊ ရေးသား၊ ဖေါ်ပြ၊ ပုံနှိပ်၊ ဖြန့်ဖြူးခွင့်မပြုရဲဘဲ၊ အလွန်ကြပ်တည်းစွာ၊ ပြင်းထန်စွာ တားမြစ်ထားခြင်း ဖြစ်ပေသည်။
မည်သို့ပင် စစ်အာဏာရှင်ကြီးများက ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ဖိနှိပ်၊ အနိုင်ကျင့်မှုများနှင့် မတရား အုပ်ချုပ်နေပါစေ။ အမှောင်မိုက်ဆုံးကာလပြီးလျှင် လင်းအာရုံတို့ ရောက်လာမြဲဖြစ်သည်ကို ပြည်သူတို့ ကြိုတင် မျှော်လင့် ပြင်ဆင်ထားရကြမည်သာဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး ဘုရင်ရှုး ဦးဆောင်သည့် စစ်အာဏာ ရှင်တစ်စုသည် မြန်မာပြည်သူတစ်ချို့ကို တချိန်လုံးနီးပါး ဖိနှိပ်အုပ်ချုပ်၍ ရကောင်း ရနိုင်မည်ဖြစ်ပြီး၊ တိုင်းပြည် တပြည်လုံး လူထုတရပ် လုံးကို အချိန်တချို့ အခိုက်အတန့်တွင်သာ ကြောက်ရွံ့မှုကိုအခြေပြုသည့် ရက်စက်ဖိနှိပ်မှုဖြင့် အာဏာသုံး ခိုင်းစေ အနိုင်ကျင့်နိုင်မည်ဖြစ်သည်။ သို့သော်..စစ်အာဏာရှုး၊ ဘုရင်ရှုး၊ စစ်ဗိုလ်ချုပ် များသည် မြန်မာပြည်တပြည်လုံးရှိ ပြည်သူ၊ ပြည်သားအားလုံးကိုတော့ ယနေ့သူတို့ အကွက်ချ စီစဉ်နေသလို ရာသက်ပန်၊ စစ်တပ်လွှမ်းမိုးသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အာဏာရှင့်စိတ်ကြိုက် စိုးမိုးချယ်လှယ်အုပ်ချုပ်နိုင်မည် မဟုတ်ကြောင်း မကြာမီ သက်သေထူ နိုင်တော့မည် ဖြစ်ပါသည်။
အာဏာရှင်များ စိတ်ကြိုက်ရေးသားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်တားဆီး၊ ပိတ်ဆို့ ကန့်သတ်ချုပ်ချယ်၊ အပြစ်ဒဏ်ကြီးမားစွာပေး၍ အမှန်တရားဆိုသည်ကို မပြောရဲ၊ မဆိုရဲ၊ ထုတ်ဖေါ်ခြင်းမပြုရဲအောင် မည်သို့ပင်လုပ် ဆောင်ထားပါစေ။ သမိုင်းဟူသည် တနေ့နေ့တွင် အမှန်အတိုင်း ပေါ်ထွက်လာတတ် သည့် လောက ဓမ္မတာကို စစ်ဗိုလ်ချုပ်ကြီးတို့ ရှောင်လွှဲ၍ မရနိုင်ပေ။ ယခု ဤစာစုသည်ပင်လျှင် အမှန်တရားကို အမှန်အတိုင်း ပြောဆိုရေးသားရန် မ၀ံ့မရဲ ဖြစ်နေသည့် မြန်မာပြည်တွင်းမှ ပြည်သူလူထုအတွက် အမှန်တရားကို ဦးဆောင်ကာ ထုတ်ဖေါ် ပြသသည့် စာစုတို့အနက်မှ တခုဖြစ်ပေသည်။ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်ရလိုမှု၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေးတို့စသော အခွင့်ထူးခံလူတန်းစားတို့ တပ်မက်တတ်သည့် စီးစိမ်အားလုံးကို စွန့်လွှတ်ခဲ့သော စစ်တက္ကသိုလ်ကျောင်းဆင်း စစ်ဗိုလ်တဦး၏ အမှန်တရားဘက်မှ အတိအလင်း ရပ်တည်လာခြင်း ဦးဆောင်မှု မှသည် စစ်တပ်အတွင်းရှိ အမှန်တရားကိုမြတ်နိုးသူ စစ်သည်တော်အားလုံးအတွက် ရှေ့ဆောင်လမ်းပြဖြစ်စေပါမည်။ စစ်တပ် တွင်းမှ မျိုးချစ်စိတ်မှန်ကန်သူ လူတန်းစား စစ်သည်အဆင့်တန်းအားလုံးတို့အား ပြည်သူလူထုဘက်မှ ကာကွယ်သည့် အမှန် တရားဘက် ပြောင်းလဲ ရပ်တည်လာစေရန် စံနမူနာပြ ဦးဆောင်ပြုမူ လာခြင်းလည်း ဖြစ်သည်။
တိုင်းပြည်တွင်း ယနေ့အချိန်အခါတွင် မဖြစ်မနေလိုအပ်နေပြီဟု တတ်အပ်ဆို နိုင်သော တပ်မတော်အင်အား စုအတွင်းမှ ပြည်သူလူထုဘက် ရဲရဲဝံ့ဝံ့ မားမား မတ်မတ် ရပ်တည်ကာကွယ်မည့် မျိုးချစ်စစ်သားတို့၏ မိမိတို့ဖြတ်သန်း နေရသော လက်တွေ့ဘ၀ အတွေ့အကြုံများထဲမှ ပြည်သူ့အတွက်ကောင်းကျိုးပြုနိုင်မည့် အမှန်တရားကို ရဲရဲရင့်ရင့် ထုတ်ဖေါ်ရင်ဆိုင်ပြီး၊ မတရားအုပ်စိုးနေသူတို့၏ ဥပဒေမဲ့ လုပ်ရပ်များကို အများသိအောင် ဖွင့်ဟဖေါ်ထုတ်ဖို့ လိုအပ်နေ သည့် အချိန်အခါ ဖြစ်သည်။ အရာရှိဖြစ်သူမှစ၍ အမှန်တရားကို လေးစားမြတ်နိုးသူ စစ်သည်တော် တိုင်း ယနေ့ စစ်အာဏာရှင်စနစ်အပေါ် အတိအလင်းဆန့်ကျင်မှု ပြုကြရန်နှင့် မတရားသော စစ်အမိန့် အာဏာဟူသမျှ ပြတ်ပြတ် သားသားငြင်းဆန်၊ ဖီဆန်ကြရန် ကျနော်တို့စစ်တပ်ထဲမှ မျိုးချစ်အရာရှိများနှင့် မျိုးချစ်စစ်သားများကို ဦးဆောင်ညွန်ပြ မီးမောင်းထိုးပြခြင်းလည်းဖြစ်၏။ စစ်တပ်၏မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အတွင်း လမ်းပျောက်၊ အနာဂတ်ပျောက်နေသူ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအားလုံး မိမိတို့အနာဂတ်ကောင်းမွန်လှပဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ် ချက်တခု တက်ညီလက်ညီ ချမှတ်ဆောင်ရွက်နိုင်စေဖို့အတွက် တပ်လှန့်သော အချက်ပေး ခရာသံအဖြစ် ကြေငြာ မောင်းခြင်းလည်းဖြစ်ပါသည်။ တပ်မတော် အတွင်းရှိ မျိုးချစ် စစ်သည်အင်အားစုများအားလုံး အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရပ်တည် ရင်ဆိုင်ကြရန် အချိန်သင့်ပြီဖြစ်ကြောင်း၊ သိမြင်ယုံကြည်လာသည့် စစ်ဗိုလ်တဦးမှ တည်ကြည် ဖြောင့်မတ်စွာ၊ ရိုးသားစွာဖြင့် စစ်အာဏာရှင်စနစ်အောက် ကျွန်သဘောက်သာသာ ခံစားရင်ဆိုင်နေကြရရှာသော ပြည်သူတို့ဘက်သို့ ကူးပြောင်း ကာကွယ်လာခြင်း ဖြစ်ပါသည်။
တပ်မတော်နှင့် ပြည်သူလူထ၏ု အနာဂတ်အရေးအတွက် ကောင်းမွန်မှန်ကန် သည့် ကြိုးပမ်းမှုလုပ်ရပ်များကိုသာ ဆောင်ရွက်လိုသည့် မြန်မာလူငယ်အရာရှိ တစ်ဦး၏ ရိုးရှင်းသောအမြင်၊ ပွင့်လင်းသောခံစားချက်တို့ဖြင့် တပ်မတော်တွင်း ရော၊ မြန်မာတိုင်းရင်းသား ပြည်သူလူထု အတွင်းမှပါ ပါဝင်ဆောင်ရွက် ရတော့မည့် အကြောင်း အရာများ၊ ရည်မှန်းချက် များ၊ ပေါ်ထွက်လာမည့်ကောင်းကျိုး၊ ဆိုးကျိုးများ၊ ရှေ့ဆက် ရင်ဆိုင်သင့်သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်ရွယ် ချက်ဖြင့် အကြမ်းမဖက်၊ သွေးမဆက်ဘဲ၊ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြရမည့် အမျိုးသားရေး လှုပ်ရှားမှု ပုံစံ များ၊ စသည်တို့ပါဝင်ပြီး အနာဂတ်ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို မုချအထောက် အကူပြုနိုင်မည်ဟု ယူဆယုံကြည် ချက်များဖြင့် ဤစာအုပ်ကိုပြုစုရေးသားခြင်းဖြစ်သည်။
နောင်အနာဂတ် လာမည့်မျိုးဆက်သစ်လူငယ်တို့အတွက် မှန်ကန်ကောင်းမွန်သော သမိုင်းအမွေများကိုသာ ကျန်ခဲ့စေလိုသော အရောင်မရော၊ ၀ါဒမနှောသည့် စိတ်ရင်းစေတနာဖြင့် အမြင်၊ အရှိ၊ အသိအတိုင်း မထိန်မ၀ှက် သုံးသပ် ဖေါ်ပြမည် ဖြစ်သောကြောင့် မြန်မာ ရှေးထုံးနှင့် မကိုက်ညီခြင်း၊ လက်ရှိနိုင်ငံရေးပါတီများ၏ အခြေခံ သဘောတရားများနှင့် မကိုက်ညီခြင်း၊ မိမိတို့ ဆိုင်ရာဆိုင်ရာ ဘာသာရေး လတ်တလောကန့်သတ်ချက်၊ အယူဝါဒစွဲလမ်းမှု၊ အများယုံကြည်မှုတို့ အရ ယနေ့ခေတ် စံနှုန်းများနှင့် မအပ်စပ်ခြင်းစသော ရှေးဆန်သူတို့အတွက် ဘ၀င်မကျ၊ စံမပြ၊ သဘောမတွေ့ဖွယ်ရာ၊ အသုံးအနှုန်းများ၊ အတွေးအခေါ်များ၊ ဆန့်ကျင်မှုများ တွေ့ရှိခဲ့သော်၊ ပါဝင်ခဲ့သော် မျိုးချစ်စိတ်ထက်သန်ပြင်းထန်သော ခေတ်လူငယ်တစ်ီဦး၏ တိုင်းပြည်ကို ကောင်းမွန်တိုးတက်စေလိုလွန်းသည့် စေတနာစိတ်ဇောကြောင့် ဖြစ်ပေါ် တွေးခေါ်လာ မိသော ခံစားချက်ငယ်ဟုသာ သဘောပိုက်နားလည်ပေးစေလိုလှပါသည်။ ကဲ.... အတွေးအခေါ်တွေဘက် ဆက်ကြပါဦး စို့....
ပြည်သူများက စစ်အာဏာရှင်များနှင့် ၎င်းတို့ နောက်လိုက်လက်နက်ကိုင်တပ်များကို ကြောက်ရွံ့စိုးထိတ် နေကြ ရသကဲ့သို့၊ လက်နက်ကိုင်ထားကြရသော ကျနော်တို့ စစ်တပ်အပါအ၀င် အခြားသော အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်း များသည်လည်း အထက်အာဏာပိုင်စစ်အာဏာရှင်ကြီးများကို ဖိန့်ဖိန့်တုန်ကြောက်နေကြရကြောင်း သာမန် ပြည်သူတို့ မသိနိုင်ပေ။ ဤမျှတိုင်းပြည်တ၀ှမ်း၊ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော် အပြန်အလှန် ထိတ်လန့်ကြောက်ရွံ့စေ၍ မသိနား မလည်စေမှုများ လွှမ်းမိုးစေကာ အမြတ်ထုတ်စိုးမိုးချယ်လှယ်နေသော စစ်အာဏာရှင်ကြီးများ၏ ညစ်နွမ်းယုတ်ထေးသော သမိုင်းစဉ်ဖြစ်၏။ ၎င်းတို့ကောင်းစားရေး တခုတည်းသာ အဓိကဖြစ်သည့် အာဏာရှင် စနစ်ဆိုးတည်တန့်ရေး၊ ဖန်တီးနေမှု များကို စစ်ပါးဝစွာ၊ ပရိယာယ် ကြွယ်ဝစွာ လုပ်ဆောင်နေခြင်းများဖြစ်၏။ စစ်အာဏာရှင်စနစ်ဆိုးကြီး၏ နောက်ဆက်တွဲ ရလာဒ်အဖြစ် ပေါ်ထွက်ဖြစ်ထွန်းလာသော ဆင်းရဲမွဲတေမှု၊ လူမှုရေးချို့တဲမှု၊ လူသား တစ်ဦး၏ခံစားပိုင်ခွင့်၊ ပိုင်ဆိုင်ပိုင်ခွင့် တို့ ဆုံးရှုံးမှု၊ ဘ၀မလုံခြုံမှု၊ အနာဂတ်မရေရာမှု၊ အသိပညာ၊ အတတ်ပညာမဲ့မှု စသောဘ၀နှင့်ချီ၍ ရင်းနှီးပေးဆပ်ရမည့် ဆိုးကျိုးဒုက္ခများကို လက်ရှိရော အနာဂတ်၌ပါ ခါးစည်းရင်ဆိုင်ခံစားရမည့်သူများမှာ မသိနားမလည်၊ အသိမကြွယ် ရိုးသားသော မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၊ နောက်လာမည့် မျိုးဆက်အားလုံးသာဖြစ်၏။ တိုင်းပြည် နှင့်ယှဉ်၍ ရာဇ၀င်ကြွေးတင်လျှင် ရှင်ဘုရင်လုပ်ခဲ့သူနှင့် ၎င်း၏ဆွေတော်မျိုးတော်အပေါင်းတို့က ပြေလည်အောင် ပေးဆပ် လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သားတို့ အလေးအနက်ပြု စဉ်းစားရမည့်အချိန် ကျရောက် နေပေပြီ။
ထိုအချင်းအရာတို့၏ လက်တလော ပေါ်ထွက်လာနေသော ဆိုးကျိုးအဖြစ် မျိုးဆက်သစ်လူငယ်များ၊ ပြည်သူ့ ရင်နှစ် သားရတနာကလေးငယ်လေးများ၊ တဖြည်းဖြည်းသိသာစွာဖြင့် အသိတုံးဉာဏ်တုံး၊ အတွေးအခေါ်တုံး၊ လူညွန့်တုံး၍ လူလုံး မလှစွာဖြင့် တန်ဖိုးမဲ့သော အချိန်များကို ဖြတ်ကျော်နေကြရသည်ကို တွေ့ရ၏။ မျိုးဆက်သစ်ဖြစ်လာမည့် လူငယ် အများစုမှာ မိမိဘ၀အရေး၊ မိမိအနာဂတ်အရေး၊ မိမိနိုင်ငံအရေး၊ မိမိပတ်ဝန်းကျင်အရေး စသည့်အရေးပါသည့် အရေးအရာ ဘာဆိုဘာမှ တွေးခေါ်ဆင်ခြင်ဆုံးဖြတ်ခြင်း၊ ဝေဖန်အကဲဖြတ်သုံးသတ်ခြင်း၊ ပြုလုပ်နိုင်စွမ်းမရှိကြသည့် နလဗိန်းတုံးများ မသိမသာဖြစ်လာကြခြင်းကို မလိုလားအပ်စွာ တွေ့မြင်နေရခြင်း ဖြစ်သည်။ ကြုံဆုံနီးစပ်၊ မြင်တွေ့နေရသည့် မှားယွင်း သော၊ လူမှုရေးကျင့်ဝတ် အစဉ်အလာပျက်များကို၊ လွဲမှားစွာ ကူးစက်ခံအတုယူမိသောကြောင့် ကိုယ်ကျင့် စာရိတ္တ စံနှုန်းများ တဖြည်းဖြည်း နိမ့်ပါးကျဆင်းလာကာ အထက်တန်းမကျစွာ ကိုယ့်ကိုကိုယ် တန်ဖိုးမထားသော လုပ်ရပ်များ သူသူငါငါလုပ်လာနေကြသည်ကို တားဆီးရဲသူ၊ ကန့်ကွက်ရဲသူ မရှိသလို တားမြစ်ရကောင်းမှန်း ကန့်ကွက်ရကောင်းမှန်း၊ မသိအောင်လည်း စစ်အာဏာရှင်စနစ်က ဖန်တီးထားသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို တန်ဖိုးထား လေးစားချစ်ခင်ရ ကောင်းမှန်းမသိသည့် အမျိုးသားရေးစရိုက်လက္ခဏာညံ့များ၊ တိုင်းတပါးယဉ်ကျေးမှု အတွေးအခေါ်များ၊ ၀င်ရောက်လာကြ စေရန် မြောက်ပိုင်းကွန်မြူနစ် နိုင်ငံကြီးတခုမှ ယဉ်ကျေးမှုများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ရပ်များကို မီဒီယာများ မှတဆင့် ကျူးကျော်ကူးစက်ခွင့်ပြုထားသည်။ ဒီကြားထဲ မျိုးချစ်စိတ် အရင်းခံဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ရပ် များ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ကြောင်း အကြံပြုကြသည့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ အဖွဲ့အစည်းများကို ပြည်ပ သြဇာခံ ပုဆိန်ရိုး၊ တိုင်းတပါး ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်ကို အောက်ကြို့ခံ အတုယူဖို့ မိုက်မဲစွာ ကြိုးစားနေသည်ဟု စွပ်စွဲသေးသည်။ သူတို့ပါးစပ်က နတ်စကားထွက်ရဲသေးသည့် အရှက်တရားမရှိသော စစ်ခေါင်းဆောင်များကို ကျနော်တို့မျိုးချစ်လူငယ်တွေက အံ့အားသင့်မိကြ၏။ သူတို့ဘယ်လိုဘဲ နတ်စကားထွက်ထွက် ပြင်ပလူနေမှုတွင် မြင်နေကြ ရသည့် မျိုးဆက်သစ်ဖြစ်လာမည့် ကလေးငယ်တို့ကို ကြည့်လိုက်ရုံဖြင့် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတို့ကို တွေ့မြင်နိုင် ပေမည်။
ကျန်ကျောင်းဓားနှင့် ရှဲရှဲနီ တကြော်ကြော်အော် ဆော့ကစားနေသော မျိုးဆက်သစ် ကလေးသူငယ်တို့ ကြီးပြင်းလာ နေသော ဤခေတ်တွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဓါတ်ပုံကို ဦးညွတ်အလေးပြုမိယုံဖြင့်၊ ချက်ချင်း ဖမ်းချုပ်ထောင်ချခံရသော အုပ်ချုပ်ရေးစနစ်၊ မိမိမကြေနပ်သောအကြောင်းအရာ၊ မိမိယုံကြည်သော အတွေးအခေါ်၊ မိမိ အနာဂတ်အတွက် တင်ကြိုအားမရနိုင်သည့် အဖြစ်အပျက်စသော အမှန်တရားတခုခုကို လူပုံလယ်ရှေ့ ရင်ဖွင့်ပြောဆို မိယုံဖြင့် ထောင်ဒါဏ် နှစ်ရှည်ကျခံနိုင်ရသည့် ဥပဒေ၊ ဒီကနေ့လို ကြပ်တည်းမွတ်သိပ်မှု အပြည့်ပြည့်ဖြင့် အရာရာကို ကြောက်ရွံ့နေရသော စစ်အုပ်ချုပ်ရေးစနစ်ဆိုးကြီးသည် အနာဂတ် ကျနော်တို့တိုင်းပြည်ကို ထိတ်လန့်ဖွယ်ကောင်းစွာ ခြိမ်းခြောက်နေသည်ကို လူငယ်တွေ တွေးတော ဆင်ခြင်မိကြဖို့ အရေးတကြီးလိုနေပြီဖြစ်၏။ အသက်အရွယ်အတွေ့အကြုံ ရင့်ကျက်ပြီး ဖြစ်သည့် အုပ်ချုပ်ရေးပိုင်း၊ အုပ်ထိမ်းမှုပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုအခြေ အနေဆိုးတို့ကို သိရှိ ရိပ်မိ၊ နောင်တရကာ ပြင်ဆင်ပြေင်းလဲရေးတွေ လုပ်ရမည့်အစား လူငယ်ထုကိုညံ့ဖျင်းသည့် ပတ်ဝန်းကျင်တွေထဲ နစ်မြုပ် နေကြသည်ကို ဖာသိဖာသာ နေနေကြ၏။ ရှေ့ဆောင်နွားလား အုပ်ချုပ်သူများမှ ဖြောင့်ဖြောင့်မသွားသောအခါ မြန်မာ ပြည်တွင်းလူမှုဆက်ဆံရေး ပတ်ဝန်းကျင်သည် လျင်သူစားစတမ်း၊ လည်သူဝါးစတမ်း၊ ဦးသူခူးးစတမ်း စိတ်ဓါတ်ဖြင့် နေ ထိုင်ကျင့်ကြံသူ တကိုယ်ကောင်းစိတ်ဓါတ်ပိုင်ရှင်တို့သည်သာ အောင်လံထူနိုင်သလို၊ တရားမျှတသလိုဖြစ်လာ၏။...
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(ဃ)
ထိုအချင်း အရာတို့ကို အစဉ်အမြဲ ထိတွေ့နေရသည့် ရိုးသားသော လူငယ်တိုသည် ခံယူချက်နှင့် စိတ်ဓါတ်၊ အောက် တန်းကျသည့် စံနှုန်းလွဲသော အပြုအမူများ၊ ဖြတ်လမ်းမှ အလွယ်တကူ ငွေရနိုင်ရေးနှင့်၊ လတ်တလော ရင်ဆိုင်နေရသည့် ဆင်းရဲတွင်းမှ မြန်မြန် လွတ်ကင်းနိုင်မည့် ကြုံရာကျဗန်း ပေါ်ပင် ခေတ်စား လုပ်ရပ်များ၊ တွေးခေါ်လုပ်ကိုင် ခြင်းသည် သာလျှင် လတ်တလော ဘ၀၏ ကယ်တင်ရှင် ဖြစ်နိုင်သည် ဟူသော ယွင်းချော်သည့် ယုံကြည်ချက်များ ဖြစ်ပေါ် မွေးမြူ လာကြသည်။
“ဖ”လေးလုံးဟုခေါ် သည့် (ဖဲ၊ ဖာ၊ ဖိုး၊ ဖစ် ) ဖဲရိုက်ခြင်း၊ ဖာလိုက်ခြင်း၊ နံပါတ်ဖိုးထိုးခြင်း၊ ဖစ်ဟုခေါ်သည့် ဆေးခြောက် စိတ်ကြွဆေးသုံးစွဲခြင်း စသည့် ရင်ကျိုးနာကျည်းဖွယ် ပျက်စီးခြင်းများ အပြင် စိတ်ဓတ်ဝဲစားသော ဖြတ်လမ်းမှ အလွယ်တကူငွေရနိုင်ရေး လုပ်ရပ်များဖြစ်သည့် (ယနေ့ခေတ်စားနေသည့် ဘောလုံးပြိုင်ပွဲမှ လောင်းကြေးထပ်လောင်း ကစားသော ) တလုံးထီ၊ ထိုင်းနိုင်ငံ၏ စတော့ရှယ်ယာ ဂဏန်းကို လောင်းသော နှစ်လုံးထီ၊ ထိုင်းနိုင်ငံမှ ချဲ သုံးလုံးထီ၊ မြန်မာပြည်တွင်းမှ ကြောက်ခမန်းလိလိ မက်မောလောက်ဖွယ် အပိုဆုကြေးများပေးမည်ဟု အကြီးအကျယ်ကြေငြာကာ တွင်တွင် ကျယ်ကျယ်ရောင်းချနေသော အောင်ဘာလေထီထိုးခြင်း၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂုံးဂင်း၊ အနီထောင်၊ စသော စသော စသော နည်းမျိုးစုံဖြင့် လောင်းကြေးထပ် ယှဉ်ပြိုင်ရသော လောင်းကစားခြင်းစရိုက်ဆိုးများ ပျံ့ နှံ့ကူးစက်လာကြသည်။ ရမ္မက်လောဘ အတောမသတ် နိုင်သည့် အလေ့အကျင့်ဆိုးများ၊ တွေးအခေါ်ရိုင်းများ၊ အကျင့် စာရိတ္တ၀ဲစားသော စရိုက်ကြမ်းများ စသည်တို့အပြင် နောင်မျိုးဆက်နှစ်ဆက်ခန့်အထိတိုင်အောင် အလွန်တရာ၊ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကူးစက်စေနိုင်သော၊ အလေ့အကျင့်ဆိုးတို့ တဖြည်းဖြည်း ကူးစက်လာကြသည်။
အထက်ဖား အောက်ဖိ၍၊ ကိုယ်ကျိုးသာရမည်ဆိုလျှင် မည်သူ့မျက်နှာမျှ မထောက် ရက်စက်ယုတ်မာ အောက် တန်းကျစွာ ကုလားဖန်ထိုး နှိမ်နှင်းသုတ်သင်၊ နင်းခွကျော်တက်၊ ခုတုံးလုပ်တတ်သည့် စိတ်ဓါတ်၊ ငါတကော ကောပြီး ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဖြစ်ချင်ရာဖြစ် စိတ်ဓါတ်။ ကလိန်ကကျစ် ညာဖြီးပြောဆို တတ်ပြီး၊ ကိုလိုရာဆွဲ လိမ်ညာတတ်သောစိတ်ဓါတ်။ ကိုယ့်လူမျိုးချင်း ထောင်တွင်းပို့ပြီး ကိုယ်ကျိုးစီးပွားရှာသော အင်ဖော်မာ သတင်းပေး စိတ်ဓါတ်။ သြဇာအာဏာရှိသူတို့ထံ ဒူးထောက်ခစားပြီး မိမိအခွင့်အရေးတောင်းရမ်းတတ်သည့် သူတောင်းစား စိတ်ဓါတ်။ မှန်တာမပြောရဲ မှန်တာမလုပ်ရဲသော လူကြောက်လူအစိတ်ဓါတ်။ သာရာစီး ကိုယ်ကျိုးရှာ စိတ်ဓါတ်။ အခွင့်အရေး တခုရဖို့အတွက် မိမိကိုယ်ကျင့်သိက္ခာကိုပင် ရောင်းစားမည့် စိတ်ဓါတ်။ ကိုယ့် ကိုယ်ကျိုးစီးပွား ကောင်းစားဖို့ ကိုယ့်သား မယား ကောင်းစားဖို့အတွက် မိမိတိုင်းပြည်နှင့် မိမိလူမျိုးကို ရောင်းစားသည့် စိတ်ဓါတ်။ ရေသာခိုအချောင်သမားစိတ်ဓါတ်။ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖေါ်လံဖါးစိတ်ဓါတ်။ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့မှု စိတ်ဓါတ်။ မရိုးသား မဖြောင့်မတ်စွာ နိုင်ငံရေးခုတုံး လုပ်ပြီး ကိုယ်ကျိုးစီးပွားရှာတတ်သော စိတ်ဓါတ်။ အပြောတမျိုး အလုပ်တမျိုးစိတ်ဓါတ်။ သစ္စာမရှိ ကတိမတည်သော လူကြီးလူကောင်းမပီသသည့်စိတ်ဓါတ်။ လာဒ်စားခြစား တတ်သည့်စိတ်ဓါတ်။ လူရည်လည် ပါးနပ်လိမ္မာမှုထက် ပိုမိုသော ဖျံကျကောက်ကျစ် တတ်သည့်စိတ်ဓါတ်။ လူရှေ့တွင်တရားမျှတ၊ သမာသမတ်ရှိလေဟန် ဆောင်ပြီး ကွယ်ရာတွင်သြချရလောက်သည့် အောက်တန်းကျမှုများလုပ်သော ကြောင်သူတော် လူကြီးလူကောင်းဟန် ဆောင်တတ်သည့်စိတ်ဓါတ်။ အာဏာရှသူကို ၀ပ်တွားခယပြီး ကိုယ်ကျိုးတခုအတွက် အနားပြာလုပ်တတ်သော ဖေါ်လန်ဖါး ကင်ပေတိုင့် စကားပြန် စိတ်ဓါတ်။ ပုဆိန်ရိုးသစ္စာဖောက် ကွင်းစလင် (မိမိကောင်းစားဖို့တခုတည်းအတွက် တိုင်းပြည် တပြည်လုံးကို နာဇီ ဂျာမနီ ဖက်ဆစ်တို့အား လက်ညိုးထိုးရောင်းစားခဲ့သော နော်ဝေနိုင်ငံ စစ်ဝန်ကြီးတစ်ဦး) စိတ်ဓါတ်။ လူလိမ်လူကောက်၊ လူရှုပ်လူပွေ၊ လူပွေလူလွင့်၊ လူပေါလူချာ၊ လူပျာလူခိုး၊ လူဆိုးလူမိုက် စရိုက်စိတ်ဓါတ်။ အာဏာတန်ခိုး မက်မောတတ်သည့် စိတ်ဓါတ်။ တရယူပြီး တမှီနှိုက်မည့် စိတ်ဓါတ်။ ဘနဖူး သိုက်တူးမည့် စိတ်ဓါတ်။ စသော စသော စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတို့၏ စံနမူနာပြ၊ ခံယူချက်၊ စိတ်ဓါတ်၊ စောက်ကျင့်၊ လုပ်ရပ်ဆိုးများ၊ ပြည်သူများအကြား၊ မျိုးဆက်သစ်လူငယ်များအကြား တဖြည်းဖြည်း ပျံနှံ့လှိုက်စား လာခြင်းဖြင့် နိုင်ငံကြီး တခုလုံး သိသိသာသာ ဆုတ်ယုတ် နိမ့်ပါးလာနေခဲ့ခြင်းပင်ဖြစ်၏။
ထိုအချက်များထက် ပိုမိုဆိုးရွားလွန်းသည်မှာ ဤရွေ့ဤမျှချုပ်ချယ်တင်းကျပ် လှပါသည်ဆိုသော စစ်အာဏာရှင် ခေတ်အတွင်းမှ၊ အခုတမျိုး တော်ကြာတမျိုး၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများအလိုကျ လိုသလို တင်းလျှော့နိုင်သည့် ဥပဒေ စည်းမျဉ်းများ၊ ပြင်းထန်ရက်စက်လှသော ပြစ်ဒဏ်များကို အမှုမထား၊ ဂရုမစိုက်ဘဲ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် တခု တည်းဖြင့်သာ အရာရာကို မကြောက် မရွံ့ရင်ဆိုင်၍ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရရှိလာရေး ဆောင်ရွက် ကြိုးပမ်းနေကြသော ပြည်သူသားကောင်းမျိုးချစ် အာဇာနည်လူတော်၊ လူကောင်းများကို ရမယ်ရှာ ဖမ်းဆီး ချုပ်နှောင် နှိပ် စက်ခြင်း၊ ၎င်း မျိုးချစ်နိုင်ငံရေးလုပ်ဆောင်သူတို့နှင့် ပတ်သက်တော်စပ်သော မိဘဆွေမျိုးသားချင်း မကျန်၊ ဘ၀ ရပ်တည်နေမှု ယိုယွင်းပျက်ပြားယိုင်နဲ့အောင် အဓမ္မနည်းလမ်းအမျိုးမျိုး၊ မတရားသော အနိုင်ကျင့်မှု လုပ်ရပ်အမျိုးမျိုးသုံး၍ ဖိနှိပ် ရက်စက်၊ ကွပ်ညှက်ခြင်းတို့ဖြင့် စစ်အာဏာရှင်စနစ်ကို နှောင့်ယှက်ဟန့်တား၊ ကန့်ကွက် လာသူမှန်သမျှကို သုတ်သင် နှိပ်ကွက်ဖယ်ရှားနေခြင်း စသည့်အခြေအနေဆိုးများ ဖြစ်ပေသည်။
မည်သည့် ဥပဒေ၊ မည်သည့်ပုဒ်မနှင့်မျှ ငြိစွန်းခြင်းမရှိပါဘဲလျှက် အကြမ်းမဖက် ငြိမ်းချမ်းစွာဖြင့် စစ်မှန်တည်ငြိမ် သော မြန်မာ့ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေး ဆောင်ရွက်နေသော အမျိုးသား နိုင်ငံရေးလှုပ်ရှားသူများနှင့်၊ အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များဖြစ်သော ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထိမ်းသိမ်းထားသည်မှာလည်း ယနေ့ ကမ္ဘာတစ်ဝန်း အသိပင်ဖြစ်သည်။ ဤအကြောင်းအရာ တခုတည်းဖြင့်ပင် မြန်မာနိုင်ငံမှ စစ်အာဏာရှင် များ၏ ယုတ်မာဆိုးဝါးရက်စက်ပုံကို ကမ္ဘာက မျက်ဝါးထင်ထင်တွေ့ရှိပြီး၊ ရက်စက်သော အာဏာရှင်စနစ်၏ လက်အောက်၌ ဆင်းရဲချို့တဲ့စွာ နေကြရရှာသော၊ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအပေါ် စာနာစွာ၊ ကူညီပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေ အဖြေထုတ်နေကြပြီဖြစ်သည်။
ယနေ့မြန်မာ့သက္ကရာဇ် ၂၀၀၆ ခုနှစ်အတွင်း မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပကမ္ဘာ့ နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ် လေ့လာ သုံးသပ်၍ တစုံတခုသောအတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန် ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက်နေကြပြီ ဖြစ်၏။
ပြည်တွင်းပြည်ပမှ မျိုးချစ်နိုင်ငံရေးအင်အားစုများကလည်း အကြမ်းမဖက်သော ငြိမ်းချမ်းရေးနည်းလမ်းစဉ်ဖြင့် ဒီမိုကရေစီအမြန်ဆုံး ရရှရန် နိုင်ငံတကာ၏ နားလည် ထောက်ခံမှုကို ရယူကြိုးပမ်းဆောင်ရွက်နေကြပြီး ပြည်သူလူထု တရပ်လုံး၏ စိတ်ရော ကိုယ်ပါ အားပေးထောက်ခံမှုကို ယခုရရှိနေသည်ထက် ပိုမိုပြင်းထန်ခိုင်မာသော စုစည်းညီညွတ်စွာ ပေါင်းစည်းမှုကို အမြန်ဆုံးရရှိတည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေကြချိန်ဖြစ်၏။ မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများထဲမှ ကိုယ့်မွေးရပ်မြေ၊ ဤတိုင်းပြည်ကို စစ်မှန်စွာ မြတ်နိုးလေးစားချစ်ခင်သော အမျိုးသား၊ အမျိုးသမီး လူကြီး လူငယ်အားလုံးတို့သည် အမိမြန်မာပြည်ကို ဤစစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖြစ်တန်စွမ်းသောနည်းလမ်း ပေါင်းစုံဖြင့်၊ စုစည်းညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အချိန်အခါကျရောက်နေ ပြီဖြစ်ကြောင်း၊ အလေးဂရုပြုမိပါစေရန် ရည်ရွယ်၍ ကျနော် မျိုးချစ်စစ်ဗိုလ်နှင့် မျိုးချစ်စစ်သားများမှ လှုံ့ဆော်တိုက်တွန်းရင်း၊ ကိုယ်တိုင်လည်းစံနမူနာပြအဖြစ် တိုင်းပြည်၏ အရေးအရာတို့တွင် တတ်စွမ်းသမျှပူးပေါင်းကူညီ ဆောင်ရွက်နေပါသည်။
တိုင်းပြည်တာဝန်ထမ်းဆောင်နေသည်ဟု မိမိတို့ဘာသာရိုးသားစွာ ယုံကြည် ထားကြသော၊ အရာရှိ(ခေါ်)စစ်ဗိုလ် လူတန်းစားတစ်ရပ်၊ စစ်တပ်လက်နက်ကိုင်အဖွဲ့ အစည်းတရပ်အတွင်း၊ စစ်ဗိုလ်ချုပ်ကြီးများက အထက်ပါအမျိုးသား အရေး၊ နိုင်ငံရေး လှုရှားဆောင်ရွက်နေသူများအပေါ် မနာလိုမုန်းထားစိတ်၊ ဆန့်ကျင်လိုစိတ် ဖြစ်ပေါ်နေအောင် စစ်တပ်တွင်းအမှုထမ်းများအား နားလည်မှု၊ ခံယူမှုလွဲမှားစေရန် ပါးနပ်စွာ ၀ါဒဖြန့်ထားခြင်းခံခဲ့ရမှန်း ကျနော်တို့မျိုးချစ် စစ်သည် အများစုက ယနေ့အချိန်တွင် သိရှိလာပေပြီ၊ စစ်တပ်လွှမ်းမိုးသောနိုင်ငံ အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍ စစ်အာဏာရှင်စနစ်ဆိုး တခုတည်းတည်တန့်ရေးအတွက်သာ ခံယူကျင့်သုံးချက်ဝါဒရေးရာ လမ်းလွှဲမှုများဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်နေကြရမှုများကို အဟုတ်ထင်နေအောင် လိမ်ညာဝါဒဖြန့်ထားခြင်းခံရမှန်း ခံစားနားလည် သိရှိလာသူ များစွာတို့ပေါ်ပေါက် လာပေပြီ၊ ကြုံရာ၊ ရရာအခြေအနေများကို စူးစမ်းလေ့လာရာမှ တဆင့်တက်ကာ၊ သမိုင်းအပေါ်အခြေပြုသော နိုင်ငံရေး ဆင့်ကဲပြောင်းလဲမှုအပေါ် လေ့လာသုံးသပ်ခြင်း၊ သတင်းနည်းပညာ၊ လွတ်လပ်သော ပြည်သူ့အကျိုးပြု စာအုပ်စာပေနှင့် ကမ္ဘာ့ လွတ်လပ်သော သတင်းမီဒီယာများမှတဆင့် ဆန်းစစ်လေ့လာခြင်း အတွေ့အကြုံ တွေရလာမှ မိမိတို့ဘ၀အခြအနေမှန်တွေ သိလာခဲ့ကြ၏။
စစ်အာဏာရှင်စနစ်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည့် ခေတ်နှင့် မလျှော်ညီတော့သော ပဒေသရာဇ် ဆန်ဆန်၊ အာဏာသုံး ကိုယ်ကျိုးရှာသူများ ကြီးစိုးဖို့ အချင်းချင်းအာဏာစားခွက်လုနေကြပုံများ၊ သူတို့တန်ခိုးသြဇာ ကြီးမားမှု အထောက် အကူပြုသည့် လူသတ်လက်နက်၊ အဖျက်လက်နက်များ ၀ယ်ယူနိုင်ရန် နိုင်ငံခြားငွေ ရသည့်နည်းဖြင့် ရှာနေကြပုံများ၊ တိုင်းပြည်၏ရေရှည်အမွေအနှစ်များ၊ ပြည်သူတိုင်းပိုင် ဆိုင်သည့် သယံဇာတအရင်းအမြစ်များကို သူတို့ဘိုးဘွားပိုင် အမွေကဲ့သို့ လက်ညိုးထိုး ရောင်းစားနေသော စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ်မဲ့စွာ လုပ်ချင်ရာ လုပ်နေမှု လုပ်ရပ်များကြောင့် တိုင်းပြည်တပြည်လုံး၊ လူမျိုးတမျိုးလုံး ကမ္ဘာမြေပေါ်မှ ပျောက်ထွက်သွား နိုင်သည်အထိ စိုးရိမ်ဖွယ်ကောင်းလှသော အနာဂတ်အရေး တွေးဆပူပင်လာမိသည်။ ယနေ့ တိုင်းပြည်အပေါ်စနစ်ဆိုးကြီးတခုဖြင့်၊ ဂုတ်ပိုးခွစီး ဖျက်ဆီးနေသည့် စစ်အာဏာ ပိုင် အခွင့်ထူးခံ လူတန်းစားတရပ်အတွင်း ရိုးသားစွာ တိုင်းပြည်ကိုချစ်မြတ်နိုး သော စိတ်ဓါတ်အရင်းခံထားကာ အတတ်နိုင်ဆုံး ကိုယ်ကျင့်သိက္ခာ ထိမ်းသိမ်း၍ ကျင်လည်ဖြတ်သန်းနေခဲ့သော မျိုးဆက်သစ်လူငယ်အရာရှိ တစ်ဦး၏ ယနေ့ဖြစ်ပေါ်နေသော အမိနိုင်ငံအတွင်း ကောင်းမှု၊ ဆိုးမှု အထွေထွေ အခြေအနေ အရပ်ရပ်တို့အပေါ်၊ ပွင့်လင်းရိုးသားစွာ ရှုမြင်သုံးသပ်မိသမျှအား၊ တတ်စွမ်းနားလည်သရွေ့ စီစဉ်ရေးသား တင်ပြသွားခြင်း သာဖြစ်ပါ၍၊ ဖြုတ်သတ္တ၀ါငယ်၏ အတွေးအခေါ်မျှ၊ အရေးအသားငယ် ဟု ဆိုချင်ဆို၊ မှတ်ချက်ပြုလိုပါကပြုပါ။ တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန်သော ဦးတည်ချက်ဖြင့် အရေးကြီးသော ကဏ္ဍများအား ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင် ရာတွင်တနည်းတဒေါင့်မှ၊ တစုံတခုသော အတိုင်းအတာ နယ်ပယ်တချို့အထိ အထောက်အကူပြုနိုင်လျှင် ကျနော့်ရည်ရွယ်ချက် အထမြောက်ပါ၏။ အပင်ပန်းခံ စွန့်လွတ်ပေးဆပ်ရကျိုးနပ်ပါ၏။
စစ်အာဏာရှင်စနစ် လည်ပတ်ရေးအဓိက ယန္တရား တစ်ခုဖြစ်သော မြန်မာ့တပ် မတော်အတွင်း ဖြစ်ပေါ်ခံစား နေရသော တကယ့်အခြေအနေမှန်များ၊ မျိုးချစ်မြန်မာ့တပ်မတော်ဟူသော အစဉ်အဆက် ဂုဏ်ရောင် ထွန်းပြောင်လာ ခဲ့သော ယနေ့မြန်မာတပ်မတော်၏ ယနေ့ကာလ အောက်ခြေအဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်ခံစားနေကြ ရသော လက်တွေ့ဘ၀များကို ပြည်သူလူထုတရပ်လုံး၊ ကမ္ဘာ့လူသားများအားလုံးသိမြင် နားလည်လာနိုင်စေရန်အတွက် မြန်မာ့ တပ်မတော်(ခေါ်) လက်နက်ကိုင်စစ်တပ်အတွင်း သို့ ကျနော်စတင်ဝင်ရောက်ခဲ့ချိန်မှစ၍ ယနေ့ ၂၀၀၅ ခုနှစ် ၀န်းကျင်အထိ ရင်ဆိုင်ဖြတ်သန်း တွေ့ကြုံခဲ့ရသမျှ အကြောက်းအကျိုး၊ အကောင်းအဆိုးအားလုံးကို မချွင်းမချန် တင်ပြသုံးသပ် ဖေါ်ပြသွား မည်ဖြစ်၏။
နိဒါန်းတွင် အစပျိုး ဖေါ်ပြခဲ့ပြီးသော မြန်မာနိုင်ငံ ပြင်ဦင်္းလွင်မြို့ရှိ စစ်သက္ကသိုလ်သို့ ကျနော်စတင် တက်ရောက် ပညာသင်ကြားရန် ကြိုးစားခဲ့သည့် အချိန်မှစတင်၍ မြန်မာ့မျိုးချစ် လူငယ်တဦး၏ မိမိနိုင်ငံနှင့် နိုင်ငံရေးစနစ်အပေါ် နားလည်သုံးသပ် ရှုမြင်မိ သမျှတို့ကို ရေးသားပြုစု၍ တင်ပြသွားပါမည်။ နောင်တစ်ခေတ်၏အောင်စစ်သည်များ ဖြစ်သော ယနေ့မြန်မာ့တပ်မတော်မှ မျိုးချစ်စစ်သားများအနေဖြင့် မိမိတို့တိုင်းပြည်ကို ဓါးမိုးအုပ်ချုပ်နေသော စနစ်ဆိုးကြီးဖြစ်သည့် စစ်အာဏာရှင်စနစ်တည်တံ့ လည်ပတ်ရေး၊ ဖိနှိပ်အုပ်ချုပ်မှု ယန္တရားကြီးအတွင်း မသိနားမလည်စွာဖြင့် ကိုယ်တိုင်ပါဝင် နေကြ ရသောဘ၀မှ၊ လျှင်မြန်စွာ ရုန်းထွက်လွတ်မြောက်နိုင်ရေး၊ ဦးဆောင်လမ်းပြအဖြစ် မိမိတို့ကိုယ်တိုင် ဖြတ်သန်း ရင်ဆိုင်နေခဲ့ကြရသော စစ်တပ်အတွင်းအတွေ့အကြုံ၊ အခြေအနေ၊ အဆိုးအကောင်း အကျိုးးအကြောင်းများကို အခြေခံ ကာ (တပ်မတော်၏ သဘောထား အမှန်များကိုသိမြင်လာကာ ) အမှန်တရားကိုရှုမြင် သုံးသပ်နားလည် လက်ခံလာကြပြီး၊ အမိမြန်မာပြည်၏အနာဂတ်တွင် လွတ်လပ်ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ်၊ အမြန်ဆုံးပေါ်ပေါက်နိုင်ရေး ကြိုး ပမ်းမှုဖြစ်စဉ်များတွင်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်များ အဖြစ်ပါဝင်ကြိုးပမ်းလာနိုင်ကြပါစေခြင်းငှာ ရည်မျှော်ဆန္ဒ ရှေ့ထားပြီး ရှေးဦးစွန့်လွတ်ပေးဆပ်နေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ မြန်မာပြည် တည်ဆောက်ရေးသမိုင်းတွင် တနည်းတဖုံ အထောက် အကူပြုနိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ချက်ဖြင့်၊ စစ်မှန်သောမျိုးချစ်စိတ်တခုကိုသာ အရင်းခံစေတနာထား၍ ဤစာစုများကို ကြိုးစားပြုစု ရေးသားသွားမည်ဖြစ်ပါသည်။
နောက်တစ်ပတ်တွင် စစ်သက္ကသိုလ်၏ စစ်အရာရှိလောင်း၊ ဗိုလ်လောင်းများ လေ့ကျင့်သင်ကြားပုံများကို ဖေါ်ပြ ရှင်းလင်း သုံးသပ်ချက်များနှင့်တကွ ဆက်လက်ဖေါ်ပြ ပါမည်။ ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။... ကျေးဇူးတင်ပါသည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
အပိုင်း(၁) အားလုံး PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ
မြန်မာ့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိများ
ဦးညွတ်အလေးပြုပါ၏

ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်းတချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။
သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ ဗမာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
ဂျပန် တပ်မတော်က ဗမာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း သည်ဘ စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် ဗမာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာက ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဗမာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ ဗမာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
သို့သော် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်း က တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ ဗမာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော ဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ ဗမာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော ဗမာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင့်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် အမတ်လစာမယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူတစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ ဗမာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။
၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်းကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စပ်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်း လည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံမျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ ဗမာနိုင်ငံသို့ ပြန်ဝင်လာသော ယင်းနှင့်အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်းစည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။



မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ
လူငယ်လုပ်ငန်းဖွဲ့စည်းရေးတွင်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း (၁)
ဒီနေ့ လူငယ် လုပ်ငန်းအဖွဲ့မှာ ရွေးချယ် ခံရသော လူငယ်များဟာ မိမိတို့ရဲ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရမယ်။ အဖွဲ့ချုပ်က ဘယ်လို တာဝန်များပဲ ပေးပေး ထမ်းဆောင်ပါမယ်လို့ ပြောသွားတာ ကြားရပါတယ်။ အဲဒီတော့ အဖွဲ့ချုပ်က ပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ဆိုတာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်း တွေအရ လုပ်ဖို့ အရေးကြီး ပါတယ်။ ဒီအပြင်လည်း အဖွဲ့ချုပ်က ပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ဖို့ ဆိုတာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ လုပ်ဖို့ အရေးကြီးပါတယ်။
ဒီ့အပြင်လည်း အဖွဲ့ချုပ်ရဲ့ စိတ်ဓာတ် ရေးရာအရ အဖွဲ့ချုပ် အတွင်းမှာ ညီညွတ်မှုကို ဦးတည်ဖို့ အများကြီး အရေးကြီး ပါတယ်။ အဖွဲ့ချုပ် အတွင်းမှာ ညီညွတ်မှုကို ထိခိုက်စေမယ့် အလုပ်တွေ လုပ်မယ် ဆိုလို့ရှိရင် အဖွဲ့ချုပ်ရဲ့ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်တယ်လို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ ကျမ အခု ဒီလိုပြောရတဲ့ ကိစ္စဟာ အခုတလော ဆိုရင် လူငယ်တွေထဲမှာ လှုပ်ရှားမှု တချို့ဟာ ကျမတို့ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေ ကျမတို့ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်နဲ့ မကိုက်ညီတာတွေ ကျမတို့ တွေ့ရ ပါတယ်။
လူငယ်တွေ ပြန်လည်ဖွဲ့စည်း ကာစဆိုတော့ လူငယ်တွေအချို့ အနေနဲ့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေ၊ နိုင်ငံရေး အဖွဲ့ အစည်း တစ်ခုဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုတာ နားမလည် လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ်လည်း သူများတွေ ဆွယ်တဲ့ နောက်ကို ပါပြီးတော့ လမ်းမှား သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျမအနေနဲ့ ပွင့်ပွင့် လင်းလင်းပဲ ဒီကိစ္စတွေကို ဒီတင်ရပ်ဖို့ အခုကနေ စပြီးတော့ ပြောချင်ပါတယ်။ ဒီကိစ္စမျိုးဟာ ဘာကို လုပ်ဆောင်တာလဲ ဆိုတော့ ကျမတို့ အဖွဲ့ထဲမှာ လူကြီးလူငယ် ကြားမှာ စိတ်ဝမ်းကွဲစေမယ့် ကိစ္စ၊ တချို့လူငယ်တွေဟာ လူကြီးတွေကို တိုက်ခိုက်တာ လူငယ် ပီသတယ်လို့ ထင်နေကြတယ်။ တကယ်တော့ လူကြီးတွေကို တိုက်ခိုက်တာ လူငယ် မပီသပါဘူး။ တိုက်ခိုက်သင့်တဲ့လူ တိုက်ခိုက်ဖို့ လိုတဲ့ သူတွေကိုသာ တိုက်ခိုက်ရမှာပဲ။ လူကြီး၊ လူငယ်လို့ သတ်မှတ်ပြီး ကိုယ်က လူငယ်မို့လို့ လူကြီးတွေကို တိုက်ခိုက်ရတယ် လို့ဆိုရင် တစ်နေ့ ကိုယ်လူကြီး ဖြစ်လာတဲ့ အခါကျလို့ရှိရင်လည်း လူငယ်တွေက ကိုယ့်ကို တိုက်ခိုက် လိမ့်မယ်။ ဒါဟာ အင်မတန်မှ အမြင်ကျယ်တဲ့ ကိစ္စ မဟုတ်ဘူး။ အမြင်ကျဉ်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ရေတိုကိုသာ မြင်ပြီးတော့ ရေရှည်ကို မမြင်နိုင်တဲ့ သဘောတရားသာ ဖြစ်ပါတယ်။
အဲဒီတော့ လူကြီး လူငယ်ကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်တဲ့ အလုပ်မျိုး ဆိုတာဟာ ကျမတို့ အမြော် အမြင် ရှိတဲ့ လူငယ် ဘယ်လူငယ်မှ မလုပ်သင့်ပါဘူး။ လူကြီးနဲ့ လူငယ်ကြားမှာ အဆင်မပြေတာ ရှိရင်လည်း ညှိယူရမယ်။ ဒီမိုကရေစီ အဖွဲ့အစည်း တွေဆိုတာ အဆင်မပြေ လို့ရှိရင် ညှိယူနိုင်မယ့် လမ်းကြောင်းကို အပြည့်အ၀ ပေးထား ပါတယ်။ ဒီလမ်းကြောင်း တွေကို အဆုံးတိုင် မသုံးနိုင်ဘဲနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စဖြစ်ဖို့ အတွက် မဟုတ်မမှန်တဲ့ နည်းတွေနဲ့ လုပ်မယ် ဆိုလို့ရှိရင် အဖွဲ့ချုပ်အပေါ်မှာ တာဝန် ကျေပွန်တယ်လို့ ကျမတို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။
နောက်တစ်ခုကလည်း ကျမတို့က အခုဆိုရင် မြို့နယ်တွေကို ဖွဲ့စည်းတယ်။ မြို့နယ်ကို ဖွဲ့စည်းတယ် ဆိုတာဟာ မြို့နယ်တွေ ပြီးလို့ရှိရင် ကျမတို့ ရပ်၊ ကျေး တွေကို ဖွဲ့စည်းရမယ်။ တကယ်တော့ ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ နည်းလမ်းကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ ကျမတို့ လုပ်ချင်တာက ရပ်၊ ကျေး တွေကို ဖွဲ့စည်းမယ်။ ရပ်၊ ကျေး ပြီးရင် မြို့နယ်တွေကို ဖွဲ့စည်းမယ်။ မြို့နယ်ကနေ တိုင်း၊ တိုင်းပြီးရင် ဗဟို ဒီလို ဖြစ်သွားရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြေအနေအရ ကျမတို့ဟာ ညီလာခံ မလုပ်နိုင်ဘူး။ ရပ်၊ ကျေး တွေမှာ စည်းရုံးဖို့ ဆိုတာ တော်တော် အခက်အခဲ ရှိခဲ့လို့ မြို့နယ် တွေကနေ စပြီးတော့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဗဟိုဆိုလို့ ရှိရင်လည်း သီးခြား ဗဟိုအနေနဲ့ ခန့်ထားတဲ့ လူငယ်ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် မို့လို့ ကျမတို့ ပြန်ပြီးတော့ စနစ်တကျနဲ့ ဖွဲ့စည်း နိုင်အောင်လို့ ပထမ ခြေလှမ်းပဲ ဖြစ်ပါတယ်။ ပထမ ခြေလှမ်းက အဆင် ပြေပြီးတော့ အလုပ်လုပ် ဖြစ်မယ့် နည်းနဲ့ ကျမတို့ လုပ်ရပါမယ်။ ဒီလို ပထမခြေလှမ်း လှမ်းတဲ့ နေရာမှာ မှန်ကန်ဖို့ အများကြီး လိုပါတယ်။ အခု တချို့က ဆိုရင် ဖွဲ့စည်းရေးဟာ အင်အား စုစည်းရေးလို့ ထင်နေတာတွေ ကျမတို့ တွေ့ရတယ်။ ဒီလူငယ် လုပ်ငန်းတွေ ပြန်ပြီးတော့ ဖွဲ့စည်းတာဟာ ဘယ်သူ၊ ဘယ်အုပ်စု အတွက်မျ အင်အား ဖြည့်တင်းတာ မဟုတ် ပါဘူး။ အင်အား ဖြည့်တယ် ဆိုလို့ရှိရင် အင်အားစုဆောင်းတယ် ဆိုလို့ရှိရင် အဖွဲ့ချုပ်အတွက် အင်အား စုဆောင်းတာပဲ ဖြစ်ရမယ်။ ဒီမိုကရေစီရေး အတွက် အင်အား စုဆောင်းတာပဲ ဖြစ်ရမယ်။ နိုင်ငံအတွက် အင်အား စုဆောင်းတာပဲ ဖြစ်ရမယ်။ ကိုယ့်ရဲ့ အုပ်စုအတွက် အင်အား စုဆောင်းတာမျိုး လုံးလုံး မဖြစ်သင့်ဘူး။ ဒါဟာ ဟုတ်လား မဟုတ်လားဆိုတာ အားလုံး ကိုယ်တိုင် ကိုယ်ကျ သိရမယ်။ ကျမတို့ အဖွဲ့ချုပ် အနေနဲ့ ဒီလို အင်အား စုဆောင်းမှုတွေကို လုံးလုံးလက်ခံမှာ မဟုတ်ဘူးဆိုတာ သတိပေးပါရစေ။ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်း ဘောင်ကို ချိုးဖောက်ပြီးတော့ လုပ်တဲ့ ကိစ္စတွေကို ကျမတို့ လက်မခံပါဘူး။
ကျမတို့ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတာဟာ လုပ်ချင်တိုင်း စည်းလွတ်၊ ကမ်းလွတ် လုပ်နိုင်တယ် ဆိုတာ မဟုတ်ပါဘူး။ လွတ်လပ်မှု အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း ရှိပါတယ်။ စည်းကမ်း စည်းမျဉ်း တွေဟာ ဘယ်လိုရှိတယ်။ ကျမတို့ အဖွဲ့ချုပ်ရဲ့ အခြေခံ ဥပဒေတွေဟာ ဘယ်လို ရှိတယ်ဆိုတာ ဒီ အဖွဲ့ချုပ် မ၀င်ခင် ကတည်းက သိခဲ့တာပဲ။ ဒီ စည်းကမ်း စည်းမျဉ်း၊ ဒီ အခြေခံ ဥပဒေကို လက်ခံတဲ့ သဘောကြောင့် ဒီ အဖွဲ့ချုပ် ထဲကို ၀င်ခဲ့တာပဲ။ အဲဒီတော့ ဒီ အဖွဲ့ချုပ် ထဲကို ရောက်ပြီ ဆိုလို့ရှိရင် အဖွဲ့ချုပ်ရဲ့ စည်းကမ်း ဥပဒေကို လိုက်နာဖို့ တာဝန် ရှိပါတယ်။ ဘယ်သူကမှ အတင်းအကျပ် ဒီ အဖွဲ့ချုပ်ထဲကို ၀င်ပါလို့ ၀င်ခိုင်းလို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့သဘောထားကြောင့် ကိုယ်ဝင်ပြီ ဆိုလို့ရှိရင် ဒီ စည်းမျဉ်း စည်းကမ်း တွေကို လေးစားရမယ်။ လိုက်နာရမယ်။ ဒီလို စည်းမျဉ်း စည်းကမ်းတွေ ချထားတယ် ဆိုတာဟာ အဖွဲ့အစည်းတစ်ခုရဲ့ မှန်မှန် ကန်ကန် တောင့်တောင့် တင်းတင်း ရပ်တည်ဖို့ အတွက် ချမှတ်ထားတာပဲ ဖြစ်ပါတယ်။
အဲဒီ ထဲမှာ ဆိုလို့ရှိရင် ကျမတို့ဟာ ဗဟိုကနေ တိုင်း၊ တိုင်းကနေ မြို့နယ်၊ မြို့နယ်ကနေ ရပ်၊ ကျေး ဆိုပြီးတော့ လုပ်တာဟာ အပေါ်က နေပြီးတော့ အောက်ကို ဖိနှိပ်ချင်လို့ မဟုတ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ပီပြင် အောင်လို့ ဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် စည်းနဲ့ ကမ်းနဲ့ မရှိလို့ ရှိရင် အလုပ်ကို ပီပီပြင်ပြင် လုပ်ဖို့ဆိုတာ အများကြီး ကြန့်ကြာတယ်။ နောက်ပြီး တော့လည်း မြင့်သွားတာနဲ့ အမျှ တာဝန် ပိုပြီးတော့ ကြီးသွားတယ် ဆိုတာလည်း နားလည်ဖို့ လိုပါတယ်။ တချို့တွေက နေရာကိုသာ မြင်တယ်။ တာဝန်ကို မမြင်ဘူး။ ဘယ်သူကဖြင့် ဘယ်ရာထူး ရနေပြီ၊ ဘယ်သူကဖြင့် သိပ်ပြီးတော့ တာဝန် ၀တ္တရား ကြီးတာကို မမြင်ဘဲနဲ့ နေရာ ရာထူး ကြီးတာကို မြင်တယ် ဆိုတာ မမှန်ပါဘူး။ တကယ်ဆိုလို့ ရှိရင် နေရာ ရာထူး ကြီးတာနဲ့ အမျှ တာဝန်ဝတ္တရား ကြီးတယ် ဆိုတာကို နားလည် စေချင်ပါတယ်။
အဲဒီတော့ ကျမတို့ဟာ တိုင်းကို မြို့နယ်က ကျော်ပြီး လုပ်တဲ့ကိစ္စမျိုးလည်း ကျမတို့ လက်မခံဘူး။ မြို့နယ်ကို ရပ်၊ ကျေးက ကျော်ပြီး လုပ်တဲ့ ကိစ္စမျိုးလည်း လက်မခံဘူး။ ဒီလို လုပ်တာမျိုး တိုင်းက မြို့နယ်ကို လုပ်ချင်တိုင်း လုပ်တဲ့ ကိစ္စမျိုးလည်း မရဘူး။ မြို့နယ်က ရပ်၊ ကျေးကို လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ တိုင်းတို့ မြို့နယ်တို့ ဆိုတာ စည်းမဲ့ ကမ်းမဲ့ လုပ်မယ် ဆိုလို့ရှိရင် ရပ်၊ ကျေး အဆင့်က မှန်ကန်တဲ့ လမ်းကြောင်းအရ တင်ပြနိုင်ရမယ်။ ယုတ်စွ အဆုံး ဗဟိုကို စာရေးလို့ ရတာပဲ။ ဗဟိုကို စာရေးရင်တော့ မိတ္တူ ပေးရတာပဲ။ ကိုယ်ရေးတဲ့ ကိစ္စတွေကို ကိုယ်က နေပြီးတော့ တာဝန် ယူရဲရမယ်။ လက်မှတ်ထိုးပြီးတော့ ကိုယ်မကျေနပ်တာ ရှိလို့ရှိရင် အဆင့်ဆင့် တင်ရမယ်။ အဲဒီတော့ အဆင့်ဆင့် မတင်ရဲလို့ ရှိရင် ကိုယ့်ဘက်မှာ အမှန်တရား ရှိရင် ဘာလို့ မတင်ရဲစရာ ရှိလဲ။ တင်ရဲ ရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား မလုပ်ဘဲနဲ့ ဝေ့လည်ကြောင်ပတ် လုပ်လို့ကတော့ ကျမတို့ ဘယ်လိုမှ အားမပေးနိုင်ဘူး ဆိုတာ ကျမတို့ ဘယ်တော့မှ လက်မခံဘူး ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။
နောက်ပြီးတော့လည်း မြို့နယ်ကျော်ပြီး ဆင်းတဲ့ကိစ္စ၊ ဒီကိစ္စဟာ အခုတလော ဖြစ်နေတယ်။ ဒါကို ကျမတို့ လုံးလုံး လက်မခံဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ကလည်း ညွှန်ကြားချက် ထုတ်ပြီးပါပြီ။ လူငယ်များ အချင်းချင်း ရင်းနှီးဖို့ ဆိုတာဟာ စည်းကမ်းကို ဖောက်ပြီးတော့ ရင်းနှီးမှု ရှာစရာအကြောင်း ဘာမှ မရှိဘူး။ စည်းကမ်း၊ စည်းမျဉ်း၊ ဘောင် အတွင်းက နေပြီးတော့ လူငယ်များ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီး ချစ်ခင်မှု အများကြီး လုပ်လို့ ရတာပဲ။ အတူတူ ပူးပေါင်း ဆောင်ရွက်ရင်းနဲ့လည်း လုပ်လို့ရတာပဲ။ စည်းမျဉ်း၊ စည်းကမ်း၊ ဘောင်ကို ကျော်ပြီးတော့ လုပ်တယ်ဆိုတာဟာ ကိုယ့်အချင်းချင်း ရင်းနှီးမှု အတွက် မဟုတ်ဘူး။ ကိုယ့်ရဲ့ အုပ်စု အတွက် လုပ်တယ်လို့ ကျမတို့ ဒီလိုပဲ မြင်ပါတယ်။ ကျမတို့ အနေနဲ့ လူငယ်တွေနဲ့ ဆက်ဆံရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတယ်။ လူငယ်များဟာ ရိုးသားမှု ရှိရမယ်။ ပွင့်လင်းမှု ရှိရမယ်။ ဒါကြောင့်မို့လို့ ကျမတို့ ပြောစရာရှိရင် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောတယ်။ လူငယ်ပင်သော်ငြားလည်း လုပ်စရာရှိရင် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လုပ်ဖို့ လိုပါတယ်။ ဒီလို စည်းကမ်းဘောင်ကို ကျော်ပြီးတော့ လုပ်တာဟာ အဖွဲ့ချုပ် အတွက်၊ ဒီမိုကရေစီရေး အတွက်၊ ဒီမိုကရေစီ အခွင့်အရေး အတွက် လုပ်တာ ဆိုပြီးတော့ မဟုတ်မမှန်တဲ့ စကားတွေနဲ့ ဆင်ခြေမပြကြပါနဲ့။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ
လူငယ်လုပ်ငန်းဖွဲ့စည်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသော မိန့်ခွန်း (၂)
ကျမ အခုက နေပြီးတော့ မှာချင်ပါတယ်။ ဒီဟာပြောရတာက သင်္ဃန်းကျွန်း မြို့နယ်က လူငယ်တွေက ဒီလို လုပ်နေလို့ ပြောရတာ မဟုတ်ပါဘူး။ သင်္ဃန်းကျွန်း မြို့နယ် ဖွဲ့စည်းရေးမှာ ကြုံလို့ ပြောသွားတာပါ။ အခုတလော ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကြုံလို့ ပြောသွားတာပါ။ ဒီကိစ္စတွေကို ကျမတို့ရဲ့ သင်္ဃန်းကျွန်း မြို့နယ် လူငယ်များက သိဖို့လိုတယ်။ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတွေကို ရှောင်ရှားဖို့ လိုတယ်ထင်လို့ ကျမတို့ ပြောရတာပါ။ ဒီတော့ အဖွဲ့ချုပ် အတွင်းမှာ ဘာပဲဖြစ်နေ ဖြစ်နေ မကျေနပ်တာ ရှိလို့ရှိရင် အဖွဲ့ချုပ်ဝင်တိုင်း၊ အဖွဲ့ချုပ် ၀င်တိုင်းဟာ သူ့ရဲ့စည်းကမ်း နည်းလမ်းအရ တင်ပြပိုင်ခွင့် ရှိတယ်။ ဗဟိုအထိကို တင်ပြီးတော့ ကန့်ကွက် ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် စည်းကမ်း နည်းလမ်း ကျရမယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ ကျမတို့ လက်မခံဘူး။ စည်းမဲ့ကမ်းမဲ့ ကိုယ့်ရဲ့ ဥပမာဆိုရင် လူငယ် လုပ်ငန်းအဖွဲ့က ဆိုရင် လူငယ် လုပ်ငန်းအဖွဲ့က မသိဘဲနဲ့ ကိုယ်တစ်ဦး တစ်ယောက်က နေပြီးတော့ လူငယ်လုပ်ငန်း အဖွဲ့ရဲ့ နာမည် ယူပြီးတော့ လုပ်တာကို လက်မခံဘူး။ မြို့နယ်စည်းထဲက ဆိုလို့ရှိရင် မြို့နယ်စည်းကို အသိ မပေးဘဲနဲ့ မြို့နယ်စည်း နာမည်ကို ယူပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်တာကို ကျမတို့ လက်မခံဘူး။ အဲဒီဟာက ဘာလဲ ဆိုတာဟာ အခွင့်အရေးကို အလွဲသုံးစား လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ လူငယ်များဟာ အခု လူငယ်လုပ်ငန်း အဖွဲ့ထဲ ရောက်လာပြီး၊ ရောက်လာပြီ ဆိုလို့ရှိရင် တာဝန်တွေ သိပ်ပြီးတော့ ကြီးလာပြီ ဆိုတာ နားလည် စေချင်တယ်။ လူငယ်တွေမို့လို အခုမှ စပြီးတော့ လုပ်ပေမယ့် တို့မှာ တာဝန်မရှိဘူး။ တို့လုပ်ချင်သလို လုပ်မယ် ဆိုတဲ့ စိတ်ဓာတ် မျိုးနဲ့ လုပ်လို့ မဖြစ်ဘူး။
လုပ်ချင်သလို လုပ်မယ်ဆိုတာ ဒီမိုကရေစီ အခွင့်အရေးကို အလွဲသုံးစား လုပ်တာ ဖြစ်ပါတယ်။ မှန်မှန် ကန်ကန် သုံးစွဲတာ မဟုတ်ပါဘူး။ မှန်မှန် ကန်ကန် ကိုယ့်ရဲ့ အခွင့်အရေး တွေကို သုံးစွဲမယ် ဆိုလို့ရှိရင် ကိုယ့်ရဲ့ တာဝန် တွေကိုလည်း ကျေပွန်ဖို့ လိုပါတယ်။ ဒီတော့ ကျမတို့ လူငယ်တွေ အနေနဲ့ ၀င်ရောက်ပြီးတော့ ကျရာတာဝန် ထမ်းဆောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုးသားတဲ့ စိတ်ထားတွေနဲ့ လုပ်စေ ချင်ပါတယ်။ တနေ့ကျလို့ ရှိရင် မြို့နယ်ကနေ တိုင်း၊ တိုင်းကနေ ဗဟို၊ တက်ရချည်ရဲ့ဆိုတဲ့ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ စုစည်း ပြီးတော့ လုပ်တယ် ဆိုလို့ရှိရင် မှားသွားမယ်။ အလုပ်တစ်ခုကို လုပ်တယ် ဆိုတာဟာ ရည်ရွယ်ချက်လည်း မှန်ရမယ်။ နည်းလမ်းကလည်း မှန်ရမယ်။ တချို့က ရည်ရွယ်ချက် မှန်ပြီးတော့ နည်းလမ်း မှားသွားလို့ ရှိရင်လည်း ရည်ရွယ်ချက် ကနေပြီးတော့ လွဲသွား နိုင်ပါတယ်။ တချို့ကျတော့ နည်းလမ်း မှန်ပေမယ့် ရည်ရွယ်ချက်က မှားနေလို့ ရှိရင် အင်မတန်မှ ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကျမတို့ လူငယ်များဟာ ရိုးရိုးသားသားနဲ့ တာဝန် ၀တ္တရားများကို ကျေပွန်အောင်လို့ လုပ်ကြပါ။
ကျမတို့ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီ စည်းကမ်း ဘောင်အတွင်းက လုံးဝ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ကျမက ဒီမိုကရေစီ စည်းကမ်းဘောင်လို့ ဘာကြောင့် ပြောရသလဲဆိုရင် ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့နိုင်ငံကို စည်းကမ်းရှိတဲ့ ဒီမိုကရေစီသာ မြန်မာနိုင်ငံနှင့် သင့်တော်တယ် ဆိုပြီးတော့ ပြောတဲ့စကားကို ကျမ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီမိုကရေစီ ဆိုတာ သူ့စည်းကမ်းနဲ့ သူ့စည်းမျဉ်းနဲ့ ပါပြီးသား။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောစရာမလိုဘူး။ ဒီလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောပြီးတော့ ကျမတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကန့်သတ်မှာကိုလည်း ကျမတို့ လုံးလုံး မလိုလားဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီလို့ ဆိုပြီးတော့ ဒီမိုကရေစီရဲ့ အဓိက တာဝန်တွေကို လျစ်လျူရှုတာ ကိုလည်း ကျမတို့ မလိုလားဘူး။ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျမတို့ လူငယ်များဟာ ကိုယ့်မှာ အခွင့်အရေးတွေ ရှိသလို ကိုယ့်မှာ တာဝန်တွေရှိတာကိုလည်း နားလည်ကြပါလို့ ပြောချင်ပါတယ်။ လူငယ်များအနေနဲ့ တတ်နိုင်သမျှ ဖြူဖြူစင်စင်နဲ့ စိတ်ထားပြီး နိုင်ငံရေးလုပ်ပါ။
နိုင်ငံရေး သမားများဟာ ညစ်ပတ်တယ်လို့ စွပ်စွဲတာဟာ နိုင်ငံရေးက ညစ်ပတ်လို့ မဟုတ်ဘူး။ လူတွေက ညစ်ပတ်လို့ ဆိုတာ နိုင်ငံရေးသမားတွေ အများကြီးက ပြောခဲ့ပါတယ်။ ဒါလည်း မှန်ပါတယ်။ နိုင်ငံရေး ဆိုတာဟာ တစ်ချိန်တစ်ခါမှာ တစ်နည်းမဟုတ် တစ်နည်း နေရာ၊ ရာထူး၊ အာဏာနဲ့ ပတ်သက် နေလေ့ ရှိပါတယ်။ အဲဒီလို နေရာ၊ ရာထူး၊ အာဏာနဲ့ ပတ်သက် နေလို့ကို နိုင်ငံရေး လောကထဲ ရောက်သွားတဲ့ အခါကျရင် လိုအပ်ချက်တွေ လိုလားချက်တွေ ကြောင့်မို့လို့ မရိုးမသား လုပ်သွားတာ ရှိတတ်ပါတယ်။ အမြဲပဲ ကိုယ့်ခေါင်းထဲမှာ စွဲနေအောင် ထားရပါမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး လုပ်နေတာဟာ ပါတီ နိုင်ငံရေး မဟုတ်ဘူး။ အမျိုးသား နိုင်ငံရေး ဖြစ်တယ်။ ကျမတို့ နိုင်ငံသူ နိုင်ငံသားများ ရသင့်ရထိုက်တဲ့ လွတ်လပ်မှုနဲ့ လုံခြံမှု များရဖို့ လုပ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် မို့လို့ ဒီကိစ္စကို လုပ်တဲ့ နေရာမှာ ဖြောင့်ဖြောင့် တန်းတန်း ဖြူဖြူ စင်စင်နဲ့ လုပ်ဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။
လူငယ်များဟာ လူငယ်ဘ၀က နေပြီးတော့ ဖြူစင်မှု မရှိလို့ရှိရင် ကြီးလာလို့ရှိရင် ဘယ်လိုနေမလဲ။ အဲဒီလိုသာ ဆိုရင် ပြည်သူ့ချဉ်ဖတ် နိုင်ငံရေးသမား ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့်မို့လို့ အခုကတည်းက နေပြီးတော့ ဖြူဖြူ စင်စင် ရိုးရိုး သားသားနဲ့ အလုပ်လုပ် ကြပါ။ ကိုယ်ကျရာ တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်ပါ။ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပတ်သက်လို့ မရှင်းတာ ရှိလို့ရှိရင် မေးမြန်း နိုင်ပါတယ်။ အချိန်မရွေး မေးမြန်းလို့ ရပါတယ်။ ကိုယ့်ရဲ့လူငယ်လုပ်ငန်းအဖွဲ့ အချင်းချင်း ထဲမှာလည်း မေးမြန်းလို့ ရတယ်။ လူကြီးတွေကို မေးမြန်းလို့ ရတယ်။ စည်းမျဉ်း စည်းကမ်းတွေဟာ ဘယ်လိုရှိတယ် ဆိုတာ စည်းမျဉ်း စည်းကမ်း တွေဟာ ကျမတို့ လျှို့ဝှက်ထားတာ မဟုတ်ပါဘူး။ အားလုံး သိဖို့အတွက် အားလုံး လိုက်နာဖို့ အတွက် ထုတ်ပြန် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူငယ်များဟာ တာဝန်သိသိနဲ့ အလုပ်လုပ်ကြပါ။ ငယ်စဉ်အခါက စပြီးတော့ အုပ်စုဖွဲ့တဲ့ ကိစ္စ၊ တစ်နေ့တစ်ခါ ကျလို့ရှိရင် ပိုပြီးတော့ ကိုယ့်အုပ်စု ကနေပြီးတော့ သြဇာ လွှမ်းမိုးနိုင်ဖို့ ဆိုပြီး လုပ်တဲ့ ကိစ္စတွေကို အခုကတည်းက ရှောင်ကြဉ်ကြပါ။ အခုကတည်းက မရှောင်ကြဉ် ကြလို့ ရှိရင် ကျမ စောစောက ပြောတဲ့ အတိုင်းပဲ တစ်နေ့တစ်ချိန်၊ တစ်ခါမှာ ပြည်သူ့ ချဉ်ဖတ် နိုင်ငံရေး သမားတွေ ဖြစ်လာမှာပဲ။ ကိုယ် အခုကတည်းက မှန်မှန် ကန်ကန် ရိုးရိုး သားသား ဖြောင့်ဖြောင့် မတ်မတ်နဲ့ ကျရာတာဝန်ကို မငြီးမငြူ ထမ်းဆောင်မယ့် လူများဟာ တစ်နေ့ကျလို့ ရှိရင် ပြည်သူ လူထုက လေးစားရတဲ့ လူထုက နေပြီးတော့ အားကိုးရတဲ့ ပုဂ္ဂိုလ်များ ဖြစ်လာပါလိမ့်မယ်။ အဲဒီတော့ ကျမတို့ လူငယ်များဟာ တစ်နေ့မှာ ပြည်သူ လူထုက အားကိုးတဲ့ ယုံကြည်ရတဲ့ လူငယ်များ ဖြစ်လာ စေချင်တယ်။ အဲဒီလို လူငယ်များ ဖြစ်လာဖို့ ဆိုတာဟာ အခြေခံ ရိုးသားမှုဟာ အများကြီး အရေးကြီးပါတယ်။
ဒါကြောင့် အားလုံး ကိုယ့်ကိုယ်ကို အလုပ်လုပ်တဲ့အခါမှာ ရိုးရိုးသားသား လုပ်နေရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မေးကြပါ။ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲနဲ့ လုပ်တာတွေဟာ မရိုးသားဘူး ဆိုတာလည်း နားလည်ကြပါ။ မိမိတို့ မိတ်ဆွေ အချင်းချင်း သူငယ်ချင်း အချင်းချင်း သံယောဇဉ် ဆိုတာ သပ်သပ်၊ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲနဲ့ နိုင်ငံရေး ကစားတာက သပ်သပ် ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ အများကြီး ခြားနားပါတယ်။ အဲဒီတော့ ဘယ်လောက်ပဲ ကိုယ့် သူငယ်ချင်း တွေကို ကိုယ်ခင်ခင် နိုင်ငံရေးအဖွဲ့ အစည်းထဲ ရောက်သွားပြီ ဆိုလို့ရှိရင် နိုင်ငံရေး ကစား တာကိုတော့ ကင်းရှင်း ကြပါလို့ ကျမ သတိပေး ချင်ပါတယ်။
ကျမတို့ လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါတယ်။ နောင်ဆိုရင် ဆက်ပြီးတော့ လူငယ်တွေ ဆက်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ရှေ့မှာဆိုရင် ကာလတွေ အများကြီး ရှိပါတယ်။ အဲဒီ အများကြီး ဆိုတဲ့ ကာလ တွေဟာ ကောင်းဖို့အတွက် တည်ဆောက်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိသလို ပျက်စီးဖို့ အတွက် ဖြစ်နိုင်တဲ့ အလား အလာတွေလည်း အများကြီး ရှိပါတယ်။ ဘယ်လမ်းကို ရွေးမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဘေးက နေပြီးတော့ တတ်နိုင်သမျှ ကူညီ သွားဖို့ ဖြစ်ပါတယ်။ တတ်နိုင်သမျှ ပြုစု ပျိုးထောင် သွားမယ်။ တတ်နိုင်သမျှ ဖေးမ သွားမယ်။ နောက်ဆုံးတော့ လူတစ်ယောက်ဟာ သူဟာ ရိုးသား ဖြူစင်တဲ့ လမ်းကို လျှောက်မလား။ ကလိမ် ကကျစ် လမ်းကို လျှောက်မလား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စောစောစီးစီး ကတည်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချကြပါလို့ ကျမအနေနဲ့ ဆော်သြ ချင်ပါတယ်။ နောင် ကျမတို့ အဖွဲ့ချုပ်မှာ အခုအချိန်မှာ လှုပ်ရှားမှုတွေ ပိုများလာလို့ ပိုပြီးတော့ တာဝန် ရှိတယ် ဆိုတာလည်း နားလည် စေချင်ပါတယ်။ အဲဒါကြောင့် မို့လို့ ကျမတို့ လူငယ်များ အနေနဲ့ အဖွဲ့ချုပ်ရဲ့ ပေးတဲ့ တာဝန်တွေကို တိုင်းပြည်အတွက် တည်တည် ငြိမ်ငြိမ် ကျေကျေ ပွန်ပွန် ထမ်းဆောင်သွားနိုင် ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။ ရိုးရိုးသားသားနဲ့ နိုင်ငံရေးလမ်းကို အမြန်ဆုံး အောင်ပွဲ ဆင်နိုင်တဲ့အထိ လျှောက်နိုင် ကြပါစေ လို့လည်း ကျမ ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၁)
အစည်းအဝေးတွင် မြွက်ကြားသည့်
မိန့်ခွန်း ကောက်နှုတ်ချက်
ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံး ၀ါဒဟာ ဖက်ဆစ်ဝါဒ ဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာ ဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာ မို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူ ပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်း သေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီး ချုပ်ချယ်ဖို့ ရည်ရွယ်ချက် ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့ လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့ လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့ လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့ လွတ်လပ်ရေး မရှိရင် ဗမာ့ လွတ်လပ်ရေး ဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့် သူတွေနဲ့ အမြဲ ပူးပေါင်းပြီး အခွင့် အာဏာ ရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ် ဆိုတဲ့ စစ်ဖက် အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာ ခန့်ထားပြီး တိုင်းသူ ပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူ ပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုး တစ်မျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူ ယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုး ပေါ်လာရင် တိုင်းသူ ပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။
ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီ ၀ါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီ ၀ါဒသာ လွတ်လပ်ရေး နဲ့ ဆီလျော်တယ်။ ဒီဝါဒ သာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒ ကိုသာ ကျနော်တို့ ရည်ရွယ် ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေး ခေါ်ခွင့်နှင့် စီတန်း လမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာ ဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့် မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေး လွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါး အကူအညီ ရရှိခွင့်၊ မတရား သဖြင့် စီးပွား ချုပ်ချယ်မှုများမှ လွတ်ငြိမ်း ချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံး အခွင့်အရေး များကို အစိုးရက စောင့်ရှောက် ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှု အတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည် တို့ကို အစိုးရက ထားပြီး အိုမင်း၍ လည်းကောင်း၊ ဖျားနာ၍ လည်းကောင်း၊ ထိခိုက် နာကျင်၍ လည်းကောင်း၊ အလုပ်လုပ်ချင် သော်လည်း အလုပ် မရနိုင်၍ လည်းကောင်း၊ အသက်မွေး ၀မ်းကျောင်း မပြုနိုင်စွမ်း ရှိသူများ သည် အစိုးရ၏ အထောက် အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေး မျိုးတွေလည်း ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၂)
လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ
ကောက်နှုတ်ချက်
ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း ဖဆပလ ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖြေရှင်း ပြခဲ့ပြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေး ဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့ လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှ ရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူး ဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေး တိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလို ပေမယ့် ကျုပ်တို့ တစ်ဖက်တည်း အပေါ်မှာ တည်နေတာ မဟုတ်ဘူး။
တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ် အကြီး၊ ပရိယာယ် အသေး ဆိုတာတွေနဲ့ သူ့နေရာနဲ့သူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေ ကြည့်ကာ ပရိယာယ် သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူ ပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေး တိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေး များနဲ့ပင် လိုရာ ရောက်အောင် တိုင်းပြည် အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား၊ ရေနံမြေ သပိတ်တွေ မှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး သပိတ် မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့စနစ်ထဲက သူသျှိုတွေက သပိတ်တွေများပြီး ထမင်း မကျွေးနိုင်ပဲ ကစဥ့်ကလျား ဖြစ်အောင် လုပ်တဲ့စနစ်ပဲ။ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာပဲ ဆိုတာ ယုံကြည်ပါတယ်။
အချို့လူတွေက ကျုပ်တို့ကို သမရိုးကျ စနစ်ဖြစ်တဲ့ အာဏာ ဖီဆန်ရေး၊ စင်ပြိုင်အစိုးရ တည်ထောင်ရေး တွေကိုသာ တိုက်တွန်း ချင်ကြတယ်။ တိုင်းပြည် အခြေအနေကို ကြည့်ပြီး ညီညီ ညွတ်ညွတ်နဲ့ အလုပ်လုပ် ရမယ့် အချိန်မှာ ခွက်စောင်းခုတ် ၀ါဒတွေ ပေါ်လာတာ တွေ့ရတယ်။ ဒီဟာက တိုင်းပြည် အားနည်းအောင် လုပ်တဲ့နည်း ဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ်ကို အသုံးပြုပြိး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲ ရလိမ့်မယ်။ ခေါင်းဆောင်တွေဟာ လူတိုင်း ကောင်းနိုင်လိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုပဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာပဲ။
အရေးကြီးတာက ဒါဟာ ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၃)
ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို
မိန့်ခွန်းမှ ကောက်နုတ်ချက်
ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ် ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ် ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေး လုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူး ဆိုလို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင် ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာ မလေးစားရာ ကျမှာမိုလို့ ဒီညီညွတ်ရေး အဆိုကို ကျနော် တင်သွင်းခြင်း ဖြစ်ပါတယ်။
ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲ ဆိုလို့ရှိရင် ညီညွတ်ရေး လိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေး ရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေး ဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ် ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးက လွတ်လပ်တဲ့ တိုင်းနိုင်ငံ ထူထောင်တဲ့အခါ ကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတ စနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လို တိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လို လုပ်ရမလဲ ဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့ အခါကျတော့မှ လွတ်လပ်ရေး လုပ်ငန်းဟာ ပေါ်လာမယ်။
ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံး ဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ ညီညွတ်ရေး ဆိုတာဘာလဲ နားလည်ဖို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေး ဆိုတဲ့အကြောင်း သရုပ်ဖော် ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူ ပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်း တပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေကို ရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူ ပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊ ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၄)
မိန့်ခွန်းကောက်နှုတ်ချက်
တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇ၀င် အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျှောက် လူထု ထကြွမှု၊ ဖျက်ဆီးယုံ အလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီး တတ်တဲ့ သတ္တိရှိပါတယ်။
တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီး ကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ် ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့ စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။
ကျနော်တို့ အခု လုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့ တိုင်းပြည်ကြီးကို တော်လှန် ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန် ပြောင်းလဲနေတဲ့ အခါ ကြမ်းသင့်တဲ့ အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာ လိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ ကလေးဟာ မမွေးခင် ပဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန် ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့ အခါမှာလည်း ပြင်းပြင်း ထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာ ရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။



