Tuesday, March 11, 2008

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်၊
လူငယ်လုပ်ငန်းဖွဲ့စည်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသော မိန့်ခွန်း (၂)


ကျမ အခုက နေပြီးတော့ မှာချင်ပါတယ်။ ဒီဟာပြောရတာက သင်္ဃန်းကျွန်း မြို့နယ်က လူငယ်တွေက ဒီလို လုပ်နေလို့ ပြောရတာ မဟုတ်ပါဘူး။ သင်္ဃန်းကျွန်း မြို့နယ် ဖွဲ့စည်းရေးမှာ ကြုံလို့ ပြောသွားတာပါ။ အခုတလော ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကြုံလို့ ပြောသွားတာပါ။ ဒီကိစ္စတွေကို ကျမတို့ရဲ့ သင်္ဃန်းကျွန်း မြို့နယ် လူငယ်များက သိဖို့လိုတယ်။ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတွေကို ရှောင်ရှားဖို့ လိုတယ်ထင်လို့ ကျမတို့ ပြောရတာပါ။ ဒီတော့ အဖွဲ့ချုပ် အတွင်းမှာ ဘာပဲဖြစ်နေ ဖြစ်နေ မကျေနပ်တာ ရှိလို့ရှိရင် အဖွဲ့ချုပ်ဝင်တိုင်း၊ အဖွဲ့ချုပ် ၀င်တိုင်းဟာ သူ့ရဲ့စည်းကမ်း နည်းလမ်းအရ တင်ပြပိုင်ခွင့် ရှိတယ်။ ဗဟိုအထိကို တင်ပြီးတော့ ကန့်ကွက် ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် စည်းကမ်း နည်းလမ်း ကျရမယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ ကျမတို့ လက်မခံဘူး။ စည်းမဲ့ကမ်းမဲ့ ကိုယ့်ရဲ့ ဥပမာဆိုရင် လူငယ် လုပ်ငန်းအဖွဲ့က ဆိုရင် လူငယ် လုပ်ငန်းအဖွဲ့က မသိဘဲနဲ့ ကိုယ်တစ်ဦး တစ်ယောက်က နေပြီးတော့ လူငယ်လုပ်ငန်း အဖွဲ့ရဲ့ နာမည် ယူပြီးတော့ လုပ်တာကို လက်မခံဘူး။ မြို့နယ်စည်းထဲက ဆိုလို့ရှိရင် မြို့နယ်စည်းကို အသိ မပေးဘဲနဲ့ မြို့နယ်စည်း နာမည်ကို ယူပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်တာကို ကျမတို့ လက်မခံဘူး။ အဲဒီဟာက ဘာလဲ ဆိုတာဟာ အခွင့်အရေးကို အလွဲသုံးစား လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ လူငယ်များဟာ အခု လူငယ်လုပ်ငန်း အဖွဲ့ထဲ ရောက်လာပြီး၊ ရောက်လာပြီ ဆိုလို့ရှိရင် တာဝန်တွေ သိပ်ပြီးတော့ ကြီးလာပြီ ဆိုတာ နားလည် စေချင်တယ်။ လူငယ်တွေမို့လို အခုမှ စပြီးတော့ လုပ်ပေမယ့် တို့မှာ တာဝန်မရှိဘူး။ တို့လုပ်ချင်သလို လုပ်မယ် ဆိုတဲ့ စိတ်ဓာတ် မျိုးနဲ့ လုပ်လို့ မဖြစ်ဘူး။

လုပ်ချင်သလို လုပ်မယ်ဆိုတာ ဒီမိုကရေစီ အခွင့်အရေးကို အလွဲသုံးစား လုပ်တာ ဖြစ်ပါတယ်။ မှန်မှန် ကန်ကန် သုံးစွဲတာ မဟုတ်ပါဘူး။ မှန်မှန် ကန်ကန် ကိုယ့်ရဲ့ အခွင့်အရေး တွေကို သုံးစွဲမယ် ဆိုလို့ရှိရင် ကိုယ့်ရဲ့ တာဝန် တွေကိုလည်း ကျေပွန်ဖို့ လိုပါတယ်။ ဒီတော့ ကျမတို့ လူငယ်တွေ အနေနဲ့ ၀င်ရောက်ပြီးတော့ ကျရာတာဝန် ထမ်းဆောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုးသားတဲ့ စိတ်ထားတွေနဲ့ လုပ်စေ ချင်ပါတယ်။ တနေ့ကျလို့ ရှိရင် မြို့နယ်ကနေ တိုင်း၊ တိုင်းကနေ ဗဟို၊ တက်ရချည်ရဲ့ဆိုတဲ့ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ စုစည်း ပြီးတော့ လုပ်တယ် ဆိုလို့ရှိရင် မှားသွားမယ်။ အလုပ်တစ်ခုကို လုပ်တယ် ဆိုတာဟာ ရည်ရွယ်ချက်လည်း မှန်ရမယ်။ နည်းလမ်းကလည်း မှန်ရမယ်။ တချို့က ရည်ရွယ်ချက် မှန်ပြီးတော့ နည်းလမ်း မှားသွားလို့ ရှိရင်လည်း ရည်ရွယ်ချက် ကနေပြီးတော့ လွဲသွား နိုင်ပါတယ်။ တချို့ကျတော့ နည်းလမ်း မှန်ပေမယ့် ရည်ရွယ်ချက်က မှားနေလို့ ရှိရင် အင်မတန်မှ ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကျမတို့ လူငယ်များဟာ ရိုးရိုးသားသားနဲ့ တာဝန် ၀တ္တရားများကို ကျေပွန်အောင်လို့ လုပ်ကြပါ။

ကျမတို့ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီ စည်းကမ်း ဘောင်အတွင်းက လုံးဝ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ကျမက ဒီမိုကရေစီ စည်းကမ်းဘောင်လို့ ဘာကြောင့် ပြောရသလဲဆိုရင် ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့နိုင်ငံကို စည်းကမ်းရှိတဲ့ ဒီမိုကရေစီသာ မြန်မာနိုင်ငံနှင့် သင့်တော်တယ် ဆိုပြီးတော့ ပြောတဲ့စကားကို ကျမ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီမိုကရေစီ ဆိုတာ သူ့စည်းကမ်းနဲ့ သူ့စည်းမျဉ်းနဲ့ ပါပြီးသား။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောစရာမလိုဘူး။ ဒီလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောပြီးတော့ ကျမတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကန့်သတ်မှာကိုလည်း ကျမတို့ လုံးလုံး မလိုလားဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီလို့ ဆိုပြီးတော့ ဒီမိုကရေစီရဲ့ အဓိက တာဝန်တွေကို လျစ်လျူရှုတာ ကိုလည်း ကျမတို့ မလိုလားဘူး။ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျမတို့ လူငယ်များဟာ ကိုယ့်မှာ အခွင့်အရေးတွေ ရှိသလို ကိုယ့်မှာ တာဝန်တွေရှိတာကိုလည်း နားလည်ကြပါလို့ ပြောချင်ပါတယ်။ လူငယ်များအနေနဲ့ တတ်နိုင်သမျှ ဖြူဖြူစင်စင်နဲ့ စိတ်ထားပြီး နိုင်ငံရေးလုပ်ပါ။

နိုင်ငံရေး သမားများဟာ ညစ်ပတ်တယ်လို့ စွပ်စွဲတာဟာ နိုင်ငံရေးက ညစ်ပတ်လို့ မဟုတ်ဘူး။ လူတွေက ညစ်ပတ်လို့ ဆိုတာ နိုင်ငံရေးသမားတွေ အများကြီးက ပြောခဲ့ပါတယ်။ ဒါလည်း မှန်ပါတယ်။ နိုင်ငံရေး ဆိုတာဟာ တစ်ချိန်တစ်ခါမှာ တစ်နည်းမဟုတ် တစ်နည်း နေရာ၊ ရာထူး၊ အာဏာနဲ့ ပတ်သက် နေလေ့ ရှိပါတယ်။ အဲဒီလို နေရာ၊ ရာထူး၊ အာဏာနဲ့ ပတ်သက် နေလို့ကို နိုင်ငံရေး လောကထဲ ရောက်သွားတဲ့ အခါကျရင် လိုအပ်ချက်တွေ လိုလားချက်တွေ ကြောင့်မို့လို့ မရိုးမသား လုပ်သွားတာ ရှိတတ်ပါတယ်။ အမြဲပဲ ကိုယ့်ခေါင်းထဲမှာ စွဲနေအောင် ထားရပါမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး လုပ်နေတာဟာ ပါတီ နိုင်ငံရေး မဟုတ်ဘူး။ အမျိုးသား နိုင်ငံရေး ဖြစ်တယ်။ ကျမတို့ နိုင်ငံသူ နိုင်ငံသားများ ရသင့်ရထိုက်တဲ့ လွတ်လပ်မှုနဲ့ လုံခြံမှု များရဖို့ လုပ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် မို့လို့ ဒီကိစ္စကို လုပ်တဲ့ နေရာမှာ ဖြောင့်ဖြောင့် တန်းတန်း ဖြူဖြူ စင်စင်နဲ့ လုပ်ဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။

လူငယ်များဟာ လူငယ်ဘ၀က နေပြီးတော့ ဖြူစင်မှု မရှိလို့ရှိရင် ကြီးလာလို့ရှိရင် ဘယ်လိုနေမလဲ။ အဲဒီလိုသာ ဆိုရင် ပြည်သူ့ချဉ်ဖတ် နိုင်ငံရေးသမား ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့်မို့လို့ အခုကတည်းက နေပြီးတော့ ဖြူဖြူ စင်စင် ရိုးရိုး သားသားနဲ့ အလုပ်လုပ် ကြပါ။ ကိုယ်ကျရာ တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်ပါ။ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပတ်သက်လို့ မရှင်းတာ ရှိလို့ရှိရင် မေးမြန်း နိုင်ပါတယ်။ အချိန်မရွေး မေးမြန်းလို့ ရပါတယ်။ ကိုယ့်ရဲ့လူငယ်လုပ်ငန်းအဖွဲ့ အချင်းချင်း ထဲမှာလည်း မေးမြန်းလို့ ရတယ်။ လူကြီးတွေကို မေးမြန်းလို့ ရတယ်။ စည်းမျဉ်း စည်းကမ်းတွေဟာ ဘယ်လိုရှိတယ် ဆိုတာ စည်းမျဉ်း စည်းကမ်း တွေဟာ ကျမတို့ လျှို့ဝှက်ထားတာ မဟုတ်ပါဘူး။ အားလုံး သိဖို့အတွက် အားလုံး လိုက်နာဖို့ အတွက် ထုတ်ပြန် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူငယ်များဟာ တာဝန်သိသိနဲ့ အလုပ်လုပ်ကြပါ။ ငယ်စဉ်အခါက စပြီးတော့ အုပ်စုဖွဲ့တဲ့ ကိစ္စ၊ တစ်နေ့တစ်ခါ ကျလို့ရှိရင် ပိုပြီးတော့ ကိုယ့်အုပ်စု ကနေပြီးတော့ သြဇာ လွှမ်းမိုးနိုင်ဖို့ ဆိုပြီး လုပ်တဲ့ ကိစ္စတွေကို အခုကတည်းက ရှောင်ကြဉ်ကြပါ။ အခုကတည်းက မရှောင်ကြဉ် ကြလို့ ရှိရင် ကျမ စောစောက ပြောတဲ့ အတိုင်းပဲ တစ်နေ့တစ်ချိန်၊ တစ်ခါမှာ ပြည်သူ့ ချဉ်ဖတ် နိုင်ငံရေး သမားတွေ ဖြစ်လာမှာပဲ။ ကိုယ် အခုကတည်းက မှန်မှန် ကန်ကန် ရိုးရိုး သားသား ဖြောင့်ဖြောင့် မတ်မတ်နဲ့ ကျရာတာဝန်ကို မငြီးမငြူ ထမ်းဆောင်မယ့် လူများဟာ တစ်နေ့ကျလို့ ရှိရင် ပြည်သူ လူထုက လေးစားရတဲ့ လူထုက နေပြီးတော့ အားကိုးရတဲ့ ပုဂ္ဂိုလ်များ ဖြစ်လာပါလိမ့်မယ်။ အဲဒီတော့ ကျမတို့ လူငယ်များဟာ တစ်နေ့မှာ ပြည်သူ လူထုက အားကိုးတဲ့ ယုံကြည်ရတဲ့ လူငယ်များ ဖြစ်လာ စေချင်တယ်။ အဲဒီလို လူငယ်များ ဖြစ်လာဖို့ ဆိုတာဟာ အခြေခံ ရိုးသားမှုဟာ အများကြီး အရေးကြီးပါတယ်။

ဒါကြောင့် အားလုံး ကိုယ့်ကိုယ်ကို အလုပ်လုပ်တဲ့အခါမှာ ရိုးရိုးသားသား လုပ်နေရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မေးကြပါ။ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲနဲ့ လုပ်တာတွေဟာ မရိုးသားဘူး ဆိုတာလည်း နားလည်ကြပါ။ မိမိတို့ မိတ်ဆွေ အချင်းချင်း သူငယ်ချင်း အချင်းချင်း သံယောဇဉ် ဆိုတာ သပ်သပ်၊ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲနဲ့ နိုင်ငံရေး ကစားတာက သပ်သပ် ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ အများကြီး ခြားနားပါတယ်။ အဲဒီတော့ ဘယ်လောက်ပဲ ကိုယ့် သူငယ်ချင်း တွေကို ကိုယ်ခင်ခင် နိုင်ငံရေးအဖွဲ့ အစည်းထဲ ရောက်သွားပြီ ဆိုလို့ရှိရင် နိုင်ငံရေး ကစား တာကိုတော့ ကင်းရှင်း ကြပါလို့ ကျမ သတိပေး ချင်ပါတယ်။

ကျမတို့ လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါတယ်။ နောင်ဆိုရင် ဆက်ပြီးတော့ လူငယ်တွေ ဆက်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ရှေ့မှာဆိုရင် ကာလတွေ အများကြီး ရှိပါတယ်။ အဲဒီ အများကြီး ဆိုတဲ့ ကာလ တွေဟာ ကောင်းဖို့အတွက် တည်ဆောက်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိသလို ပျက်စီးဖို့ အတွက် ဖြစ်နိုင်တဲ့ အလား အလာတွေလည်း အများကြီး ရှိပါတယ်။ ဘယ်လမ်းကို ရွေးမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဘေးက နေပြီးတော့ တတ်နိုင်သမျှ ကူညီ သွားဖို့ ဖြစ်ပါတယ်။ တတ်နိုင်သမျှ ပြုစု ပျိုးထောင် သွားမယ်။ တတ်နိုင်သမျှ ဖေးမ သွားမယ်။ နောက်ဆုံးတော့ လူတစ်ယောက်ဟာ သူဟာ ရိုးသား ဖြူစင်တဲ့ လမ်းကို လျှောက်မလား။ ကလိမ် ကကျစ် လမ်းကို လျှောက်မလား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စောစောစီးစီး ကတည်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချကြပါလို့ ကျမအနေနဲ့ ဆော်သြ ချင်ပါတယ်။ နောင် ကျမတို့ အဖွဲ့ချုပ်မှာ အခုအချိန်မှာ လှုပ်ရှားမှုတွေ ပိုများလာလို့ ပိုပြီးတော့ တာဝန် ရှိတယ် ဆိုတာလည်း နားလည် စေချင်ပါတယ်။ အဲဒါကြောင့် မို့လို့ ကျမတို့ လူငယ်များ အနေနဲ့ အဖွဲ့ချုပ်ရဲ့ ပေးတဲ့ တာဝန်တွေကို တိုင်းပြည်အတွက် တည်တည် ငြိမ်ငြိမ် ကျေကျေ ပွန်ပွန် ထမ်းဆောင်သွားနိုင် ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။ ရိုးရိုးသားသားနဲ့ နိုင်ငံရေးလမ်းကို အမြန်ဆုံး အောင်ပွဲ ဆင်နိုင်တဲ့အထိ လျှောက်နိုင် ကြပါစေ လို့လည်း ကျမ ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

0 comments: