Tuesday, March 11, 2008

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၄)

၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ
မိန့်ခွန်းကောက်နှုတ်ချက်


တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇ၀င် အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျှောက် လူထု ထကြွမှု၊ ဖျက်ဆီးယုံ အလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီး တတ်တဲ့ သတ္တိရှိပါတယ်။

တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီး ကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ် ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့ စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။

ကျနော်တို့ အခု လုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့ တိုင်းပြည်ကြီးကို တော်လှန် ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန် ပြောင်းလဲနေတဲ့ အခါ ကြမ်းသင့်တဲ့ အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာ လိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ ကလေးဟာ မမွေးခင် ပဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန် ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့ အခါမှာလည်း ပြင်းပြင်း ထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာ ရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။

0 comments: